စစ်တွေမြို့မှ လူသိများသည့် လူသတ်မှုတစ်ခုဖြစ်သော မနွယ်သန္တာဝင်းအမှုတွင် ကျူးလွန်သူက ဝန်ခံခဲ့ပြီးနောက် တရားခံအား မသေမချင်းကြိုးကွင်းစွပ်သတ်ရန် ရက္ခိုင်ပြည်သူ့အစိုးရ တရားရုံးက အမိန့်ချမှတ်လိုက်ကြောင်း ရက္ခိုင့်တပ်တော် (AA)၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက နိရဥ္စရာကို ပြောသည်။
"အမိန့်ချမှတ်တဲ့ စာသားအပြည့်အစုံကတော့ စစ်တွေမြို့ ၊ ပြည်တော်သာရပ်ကွက်နေ အဘ ဦးထွန်းကျော်၏သားဖြစ်သူ တရားခံမျိုးမြင့်ဇော်အား ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁ (ဂ)အရ မသေမချင်းကြိုးကွင်းစွပ်သတ်စေ ဆိုပြီး ဖြစ်ပါတယ်" ဟု ပြောသည်။
စစ်တွေမြို့တွင် လူစိတ်ဝင်စားမှုအများဆုံးအမှုတစ်ခုဖြစ်သည့် မနွယ်သန္တာဝင်း သတ်ဖြတ်ခံရမှုတွင် လူသတ်တရားခံဖြစ်သူ Luminous ဆိုင်မန်နေဂျာ မျိုးမြင့်ဇော်(ဘ/ဦးထွန်းကျော်) ကို ယနေ့ ဖေဖော်ဝါရီ ၃ ရက် နံနက် ၁၀ နာရီကျော်တွင် ရက္ခိုင်ပြည်သူ့အစိုးရ၏ ဒေသအဆင့်တရားရုံးက အပြီးသတ် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ဦးခိုင်သုခက ပြောသည်။
"ကျနော်တို့ စစ်ဆေးချက်တွေအရ တရားခံက ပြစ်မှုကျူးလွန်တာလုံးဝထင်ရှားပါတယ်။ ဒါကြောင့်သူ့ကို ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁(ဂ)အရ ကျနော်တို့ စွဲချက်တင်ခဲ့တာဖြစ်ပါတယ်။ ဒီနေ့တရားရုံးမှာ အမှုကိုအပြီးသတ်စီရင်ချက်ချတဲ့နေ့မှာလည်း တရားလိုဘက်က၊ တရားခံဘက်က နောက် လေ့လာသူတွေ စုံစုံညီညီတက်ရောက်ကြပါတယ်" ဟု ပြောဆိုသည်။
မနွယ်သန္တာဝင်း သတ်ဖြတ်ခံရမှုကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလ၂၂ ရက်နေ့တွင် စတင်လက်ခံရရှိကာ တရားရုံးလုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျစုံစမ်းစစ်ဆေးခဲ့ပြီးမှ ယနေ့ ဖေဖော်ဝါရီ ၃ ရက်နေ့တွင် အပြီးသတ်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပြီး တရားရုံး၏လုပ်ထုံး၊ လုပ်နည်းနှင့်အညီ တရားရုံးချုပ်ကို အယူခံဆက်တက်နိုင်ရန်အတွက် တရားခံကို အခွင့်အရေးပေးထားကြောင်း ဦးခိုင်သုခကပြောသည်။
" အခုချမှတ်တဲ့ပြစ်ဒဏ်နဲ့ပတ်သက်ပြီး တရားခံကို တရားရုံးရဲ့လုပ်ထုံး၊ လုပ်နည်းနဲ့အညီ တရားရုံးချုပ်ကို အယူခံဆက်တက်နိုင်ဖို့အတွက်လည်း ကျနော်တို့အခွင့်အရေးပေးထားပါတယ်"ဟု ပြောသည်။
တရားခံအနေနှင့်လည်း ယခုအမှုနှင့်ပတ်သက်ပြီး ပြစ်မှုကျူးလွန်ခဲ့သည်ဟု ကိုယ်တိုင်ဝန်ခံထားသည်ဟုလည်း ၎င်းက ပြောဆိုသည်။
အသက် ၁၈ နှစ်အရွယ် မနွယ်သန္တာဝင်းသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်၊ မေယုလမ်းရှိ Luminous ပလက်စတစ်ပစ္စည်ဆိုင်မှာ အလုပ်လုပ်ကိုင်ရင်း ရက်ရက်စက်စက်လုပ်ကြံ သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။
စစ်တွေရဲတပ်ဖွဲ့က ယခုအမှုနှင့် ပတ်သက်ပြီး အသက် ၁၉ နှစ်အရွယ် မောင်မျိုးချစ်စိုးကို သံသယနှင့် ဖမ်းဆီးစစ်ဆေးမှုများလုပ်ဆောင်ခဲ့သော်လည်း မောင်မျိုးချစ်စိုးမှာ အပြစ်တစ်စုံတစ်ရာမရှိသည့် အတွက် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် လွှတ်မြောက်လာခဲ့သည်။







