အိန္ဒိယ - မြန်မာ နယ်စပ်ကုန်သွယ်ရေး အတွက် အသက်သွေးကြောဖြစ်သည့် ကလေး - တမူး လမ်းမကြီးပေါ်ရှိ ကနန်ကျေးရွာအနီးတွင် စစ်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့အကြား တိုက်ပွဲများ ပြင်းထန်နေသည်။
လက်ရှိတွင် လမ်းမကြီးအနီးတစ်ဝိုက်၌ ပစ်ခတ်မှုများနှင့် ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် ဒေသခံ ပြည်သူများ အသွားအလာ အထူးသတိပြုကြရန် စစ်ရေးသတင်းရင်းမြစ်များက တိုက်တွန်းထားသည်။
စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “တိုက်ပွဲတွေက အပြင်းအထန်ဖြစ်နေတယ်။ ဒီကနေ့ (ဇူလိုင် ၈ ရက်) မနက် ကလည်း ကနန် D Group မရောက်ခင် Rhema ဆုတောင်းတောင်အနီးမှာ မီးခိုးဗုံးတစ်လုံး ပေါက်ကွဲတယ်။ အဲဒါပြီးတော့ မကြာဘူး နှစ်ဘက် အပြန်အလှန် ပစ်ခတ်နေကြတယ်။ ဗုံးပေါက်ကွဲသံတွေလည်း ဆက်တိုက် ကြားနေရတယ်။ ပတ်ဝန်းကျင် တစ်ဝိုက်လည်း တုန်ခါခဲ့တယ်” ဟု ပြောသည်။
လက်ရှိတွင် ကနန်ကျေးရွာ၊ Dinthar ရပ်ကွက်မရောက်မီ Rhema ဆုတောင်းတောင်အနီး၌ တိုက်ပွဲများ ဖြစ်ပွား နေခြင်းဖြစ်ပြီး အဆိုပါနေရာသည် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိသည့် နေရာဖြစ်သည်။
အဆိုပါ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “ခဏအကြာ ပစ်ခတ်တာတွေ အနည်းငယ်ငြိမ်ပေမယ့် ဗုံးပေါက်ကွဲ သံတွေက ဆက်တိုက်ကြားရတယ်။ အဲဒီနောက် နေ့လယ် ၂ နာရီခန့်မှာ စလို့ ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက် ဖြစ်တယ်။ ပြည်သူတွေအနေနဲ့ လက်ရှိအချိန်မှာ လုံခြုံမှုမရှိတဲ့ နေရာတွေမှာ မသွားလာကြဖို့ သတိပြုဖို့ လိုအပ် တယ်။ တချို့ပြည်သူတွေက အိမ်ကပစ္စည်းတွေ သွားယူလေ့ရှိကြတော့ သတိထားဖို့ လိုတယ်” ဟု ဆက် ပြော သည်။
ထို့ပြင် ဘုရားရုပ်တု မရောက်မီ လမ်းဘေးရှိ ဆန်ကြိတ်စက်အနီး တောင်စောင်းနှင့် လမ်းဘေးဈေးဆိုင် အနီး တစ်ဝိုက်တွင်လည်း တိုက်ပွဲပြင်းထန်ခဲ့သည်။
အိန္ဒိယ - မြန်မာနယ်စပ် ကုန်သွယ်ရေးအတွက် အရေးပါသည့် ကလေး - တမူးလမ်းမကြီးကို ပြန်လည် ထိန်းချုပ် နိုင်ရန် စစ်တပ် လက်အောက်ခံ တပ်ဖွဲ့က ဇွန်လဆန်းပိုင်းမှစ၍ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး တိုက်ခိုက်လျက်ရှိသည်။







