ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်တွင် မုတ်သုံမိုး အဆက်မပြတ် သည်းထန်စွာရွာသွန်းမှုကြောင့် ဇူလိုင်လ ၉ ရက် နံနက်အစောပိုင်းတွင် မြေပြိုမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ ရိုဟင်ဂျာဒုက္ခသည် ၈ ဦးအပါအဝင် စုစုပေါင်း လူ ၉ ဦး သေဆုံးခဲ့သည်။
သေဆုံးသူများအနက် ကလေးငယ် ၅ ဦး ပါဝင်ကြောင်း တာဝန်ရှိသူများက အတည်ပြုပြောသည်။
သေဆုံးသူ ရှစ်ဦးမှာ ဥခီးယားမြို့နယ်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများအတွင်း မြေပြိုမှုကြောင့် သေဆုံးခဲ့ခြင်းဖြစ် ပြီး၊ နောက်ထပ်တစ်ဦးမှာ ကော့ဘဇားမြို့နယ်အတွင်း မြေပြိုမှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်။
ဥခီးယားမြို့နယ် အုပ်ချုပ်ရေးမှူး ပန်နာအက်တာက မိုးနှင့်အတူ တောင်ကျရေများကြောင့် ဒုက္ခသည်စခန်းများ အတွင်း မြေပြိုမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
ဥခီးယား မီးသတ်နှင့် အရပ်ဘက်ကာကွယ်ရေးဌာန၏ အဆိုအရ နံနက် ၃ နာရီခန့်တွင် စခန်းအမှတ် (၁၁) အတွင်း တောင်စောင်းပြိုကျကာ နေအိမ်များကို ဖုံးလွှမ်းခဲ့ပြီး ရိုဟင်ဂျာ ၄ ဦး သေဆုံးခဲ့သည်။
“သေဆုံးသူများမှာ အူမေဟာဘီဘာ (၂၇ နှစ်)၊ တန်ဇီနာအက်တာ (၁၃ နှစ်)၊ မိုဟာမက် ရီဟန် (၅ နှစ်) နှင့် ဟာရူနာ ရာရှစ် (၃ နှစ်) တို့ဖြစ်ပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သည်” ဟု တာဝန်ရှိသူများက ပြောသည်။
နံနက် ၁ နာရီ ၄၅ မိနစ်ခန့်တွင် ကူတူပါလောင် စခန်းအမှတ် (၇)၊ Block D/7 ၌ ၇ နှစ်အရွယ် အက်ခရမ်သည် တောင်ကျရေနှင့်အတူ စီးဆင်းလာသော မြေကြီးအောက် ပိမိ၍ သေဆုံးခဲ့သည်။
စခန်းခေါင်းဆောင် အင်နာယက်အူလာ၏ ပြောကြားချက်အရ ရိုဟင်ဂျာစေတနာ့ဝန်ထမ်းများက ကလေးငယ်၏ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။
အလားတူ နံနက် ၁ နာရီ ၁၀ မိနစ်ခန့်တွင် ဂျမ်တိုးလီ စခန်းအမှတ် (၁၅) ၌ မြေပြိုမှုကြောင့် မိုဟာမက် ကမာလ် ဟူစိန် (အသက် ၄၄)၊ ၎င်း၏ဇနီး ဟူမိုင်ရာဘီဂမ် (အသက် ၃၉) နှင့် ၄ နှစ်အရွယ် သား မိုဟာမက်အာနပ်စ် တို့ သေဆုံးခဲ့ကြောင်း မီးသတ်ဌာနက အတည်ပြုသည်။
ဒုက္ခသည် ကယ်ဆယ်ရေးနှင့် နေရပ်ပြန်ပို့ရေး ကော်မရှင်နာ မိုဟာမက် မီဇာနူရာရာမန်က ထပ်မံထိခိုက်မှုများ မဖြစ်ပွားစေရန် အန္တရာယ်ရှိနေရာများမှ ဒုက္ခသည်များကို ဘေးလွတ်ရာသို့ အရေးပေါ်ပြောင်းရွှေ့ပေးနေကြရ သည်။
ကော့ဘဇားမြို့ Sattar Ghona ရပ်ကွက်၌ နံနက် ၄ နာရီခွဲခန့်တွင် မြေပြိုမှုဖြစ်ပွားကာ အလီအက်ခဘာ (၅၀) နှင့် မိသားစုဝင်နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။ အလီအက်ခဘာမှာ ဆေးရုံသို့ ပို့ဆောင်ပြီးနောက် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုသည်။
ကော့ဘဇား မိုးလေဝသဌာန၏ ထုတ်ပြန်ချက်အရ ဇူလိုင်လ ၉ ရက် နံနက် ၆ နာရီအထိ ၂၄ နာရီအတွင်း မိုးရေချိန် ၂၅၀ မီလီမီတာကျော် ရွာသွန်းခဲ့သည်။
မိုးလေဝသပညာရှင် မိုဟာမက် အဘ်ဒူလ်ဟန်နန်က ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေသော လေဖိအား နည်းရပ်ဝန်းနှင့် မုတ်သုံလေ အားကောင်းမှုကြောင့် နောက်ထပ် နှစ်ရက်ခန့် မိုးဆက်လက်သည်းထန်နိုင်ကြောင်း သတိပေးထားသည်။
UNHCR ဘင်္ဂလားဒေ့ရှ် ဆက်သွယ်ရေးအရာရှိ ရှာရီနစ်ဇ်မန်၏ ပြောဆိုချက်အရ ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဇွန်လ ၂၉ ရက်အထိ ရိုဟင်ဂျာဒုက္ခသည်စခန်းများအတွင်း မြေပြိုမှုကြောင့် လူ ၂၈ ဦး သေဆုံးပြီး ၈၀ ဦး ဒဏ်ရာရရှိခဲ့ သည်။
လူသားချင်းစာနာမှု အဖွဲ့အစည်းများက မုတ်သုံရာသီအတွင်း တောင်စောင်းများပေါ်တွင် တည်ဆောက်ထားသည့် လူဦးရေထူထပ်သော ရိုဟင်ဂျာဒုက္ခသည်စခန်းများသည် မြေပြိုအန္တရာယ်ကို ဆက်လက်ရင်ဆိုင်နေရဆဲ ဖြစ် ကြောင်း သတိပေးထားသည်။
ဓါတ်ပုံ - The Daily Star







