AA အကြောင်းပြကာ ဧရာဝတီတိုင်းရှိ ဟိုတယ်၊ တည်းခိုခန်းများတွင် စစ်တပ် ငွေညှစ်

AA အကြောင်းပြကာ ဧရာဝတီတိုင်းရှိ ဟိုတယ်၊ တည်းခိုခန်းများတွင် စစ်တပ် ငွေညှစ်

အာရက္ခတပ်တော် (AA) ကို အကြောင်းပြကာ ဧရာဝတီတိုင်းအတွင်းရှိ မြို့အချို့၌ စစ်တပ်က ဟိုတယ်နှင့် တည်းခိုခန်းများကို ညအချိန်ဝင်ရောက်စစ်ဆေးပြီး ငွေကြေးတောင်းခံမှုများ ရှိနေကြောင်း ဒေသခံများက ပြောသည်။

ပုသိမ်၊ သာပေါင်း၊ ငပုတော၊ မအူပင်၊ ဟင်္သာတ၊ ရေကြည်၊ အသုပ်နှင့် မြန်အောင်မြို့များရှိ ဟိုတယ်နှင့် တည်းခို ခန်းများကို လူစိမ်းများ ဝင်ရောက်တည်းခိုပါက ချက်ချင်းသတင်းပို့ရန်နှင့် စာရင်းပေးသွင်းရန် တင်းကြပ်ထား သည့်အပြင် လက်ရှိတွင် ဝင်ရောက်စစ်ဆေးမှုများကို လုပ်ဆောင်နေသည်။

အသုပ်မြို့ရှိ တည်းခိုခန်းပိုင်ရှင် အမျိုးသမီးတစ်ဦးက “ရေကြည်နဲ့ အသုပ်ဘက်က တည်းခိုခန်းတွေ အလုပ် မဖြစ်တာ ကြာပြီ။ ည ၇ နာရီမတိုင်ခင် စရဖနဲ့ ရဲကို စာရင်းပေးရတယ်။ ဒီနေ့အိပ်မယ့်လူရဲ့ စာရင်းတွေကို။ အဲ့ဒါ တစ်ခါတလေ စစ်တပ်ကလာစစ်တာတွေရှိတယ်။ ငွေပေးရတယ်။ မထင်ရင် မထင်သလို ဖမ်းမယ်၊ ပိုင်ရှင်ကိုပါ ပြဿနာရှာတယ်။ လူစိမ်းဝင်တယ်၊ AA ဝင်တယ်လို့ ပြောပေမယ့် AA နဲ့ တော်လှန်ရေးအဖွဲ့ပဲ ဖြစ်ဖြစ်၊ ဘယ်တပ်သားပဲဖြစ်ဖြစ် တည်းခိုခန်းမှာ မတည်းပါဘူး။ သူတို့ လုပ်စားချင်တာပါ” ဟု ပြောသည်။

လက်ရှိ ရေကြည်၊ သာပေါင်းနှင့် လေးမျက်နှာမြို့နယ်များတွင် AA နှင့် စစ်တပ်တို့အကြား တိုက်ပွဲများ ပြင်းထန် နေသဖြင့် ဟိုတယ်နှင့် တည်းခိုခန်းများကို ပိုမိုတင်းကြပ်စွာ စစ်ဆေးနေခြင်း ဖြစ်သည်။

“စစ်တပ်က ရှောင်တခင် ဝင်စစ်ဆေးတယ်။ တည်းနေတဲ့လူစာရင်းကို သူတို့ဆီ ပို့ထားတဲ့စာရင်းတွေ ကိုက်၊ မကိုက် ဝင်စစ်တယ်။ ဧည့်သည်စာရင်းတွေ နေ့စဉ်အချိန်မီတင်ပြဖို့ ဖိအားပေးနေတယ်။ အခုက ဟိုတယ်နဲ့ တည်းခိုခန်းသမားတွေလည်း သတိထားပြီး လုပ်ကိုင်နေရပါတယ်” ဟု အထက်ပါ တည်းခိုခန်းပိုင်ရှင် အမျိုးသမီးက ဆက်ပြောသည်။

ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်အစပ်ရှိ မြို့နယ်များတွင် စစ်ရေးအရ အထိနာနေပြီးနောက် ဟိုတယ်၊ တည်းခိုခန်းများ သာမက ရပ်ကွက်၊ ကျေးရွာများတွင်ပါ ဧည့်စာရင်းစစ်ဆေးမှုများကို တင်းကြပ်စွာ လုပ်ဆောင်လာသည်။ ပုသိမ်နှင့် သာပေါင်းမြို့များတွင်ပါ ဧည့်စာရင်းစစ်ဆေးမှုများ ရှိလာကြောင်း ဒေသခံများက ပြောသည်။

ပုသိမ်ဒေသခံ အမျိုးသမီးတစ်ဦးက “အရင်တော့ ရေကြည်၊ အသုပ်အပါအဝင် ရခိုင်နယ်စပ် ရွာတွေက စစ်ရှောင် လာတဲ့သူတွေကို မြို့ပေါ်မှာစစ်ဆေးတာတွေ ကုန်ခဲ့တဲ့ သုံးလလောက်က လုပ်ခဲ့တယ်။ အိမ်တွေပါ စစ်ဆေးပြီး ရခိုင်လူမျိုးဆို ရခါတစ်ခါထဲ ခေါ်သွားတာ။ နောက်နည်းနည်း ငြိမ်သွားတယ်။ အဲ့တုန်းကလည်း အဖမ်းခံရတာ အများကြီးပဲ။ အခု တစ်ကျော့ပြန် အခုရက်ပိုင်း ပြန်စစ်လာပြန်ပြီ။ နယ်စပ်က ရွာတွေမှာတော့ လူတောင် သိပ်မနေရဲတော့ပါဘူး” ဟု ပြောသည်။

ဇွန်လ နောက်ဆုံးပတ်မှစ၍ ရေကြည်၊ သာပေါင်း၊ ဟင်္သာတနှင့် အသုပ်မြို့နယ်ရှိ ကျေးရွာများတွင် ဧည့်စာရင်း စစ်ဆေးကာ ဖမ်းဆီးမှုများလည်း ရှိနေသည်။

 

ရခိုင်ပြည်၊ ဂွမြို့ကို ပြန်လည်သိမ်းယူရန် ဧရာဝတီတိုင်းဘက်မှတစ်ဆင့် စစ်ကြောင်းများဝင်ရောက်လာပြီး AA နှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားကာ စစ်တပ်ဘက်က အထိနာလျက်ရှိသဖြင့် ပြည်သူများကို ဖိအားပေးခြင်းဖြစ် ကြောင်း ဒေသခံများက ပြောဆိုသည်။

ရေကြည်မြို့နယ်အတွင်းရှိ စစ်တပ်၏ ပွိုင့် (၂၈၈)၊ (၁၈၈) နှင့် (၁၄၈) ကုန်းများကို AA က သိမ်းပိုက်ခဲ့ပြီး၊ ဇူလိုင်လ ၂ ရက်နှင့် ၃ ရက်တွင်လည်း (၂၂၇) ပွိုင့်ကုန်း၏ ကာကင်းစခန်းနှစ်ခုကို ထပ်မံသိမ်းယူနိုင်ခဲ့သည်။

 

အဆိုပါဒေသများတွင် စစ်တပ်က အင်အားဖြည့်တင်းနေသဖြင့် ပုသိမ် - မုံရွာလမ်းပိုင်းရှိ ကျေးရွာများတွင်လည်း စစ်ဆေးမှုများ ပိုမိုတင်းကြပ်ထားသည်။

July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...
July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...
July 20, 2026
ရခိုင်ပြည်၊ သံတွဲ၊ မအီနှင့် ပုဏ္ဏားကျွန်းမြို့များကို ဇူလိုင်လ ၁၉ ရက်နေ့ တစ်ရက်တည်းအတွင်း...
July 18, 2026
ဧရာဝတီတိုင်းအတွင်း ခိုလှုံနေကြသည့် ရခိုင်စစ်ဘေးရှောင်များနှင့် ရခိုင်မှတ်ပုံတင် (၁၁/---)...