ငဖဲအနီးရှိ ကပစ (၁၄) စက်ရုံ ဒရုန်းဖြင့် တိုက်ခိုက်ခံရ

ငဖဲအနီးရှိ ကပစ (၁၄) စက်ရုံ ဒရုန်းဖြင့် တိုက်ခိုက်ခံရ

မကွေးတိုင်း၊ ငဖဲမြို့အနီးတွင် တည်ရှိသော အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၄) သည် တိုက်ခိုက်ရေးဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး အဆောင်အချို့ ထိမှန်ပျက်စီးမှုများ ရှိခဲ့သည်။

စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “ကပစ (၁၄) နဲ့ အဲဒီဝန်းကျင်က ကာကင်းစခန်းတွေကို AA က ဒီရက်ပိုင်း အတွင်း ဒရုန်းတွေနဲ့ တိုက်ခိုက်တာရှိတယ်။ အဆောင်တချို့မှာ ထိမှန်တာတွေရှိတယ်။ ကာကင်းစခန်းတွေ လည်း ထိတာတွေရှိတယ်” ဟု နိရဉ္စရာသို့ ပြောသည်။

ထို့ပြင် အာရက္ခတပ်တော် (AA) နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက စစ်တပ်၏ ကာကင်းစခန်းအချို့ကို စနိုက်ဘာဖြင့် ပစ်ခတ်ခဲ့သောကြောင့် ထိခိုက်သေဆုံးမှုများလည်း ရှိနေကြောင်း အဆိုပါ စစ်ရေးရင်းမြစ်က ဆိုသည်။

ယခုကဲ့သို့ တိုက်ခိုက်ခံနေရသည့်အတွက် ဇူလိုင်လ ၁၃ ရက်နေ့တွင် ကပစ (၁၄) ဘက်မှနေ၍ အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရိုးမပေါ်က နေရာများကို လက်နက်ကြီးများဖြင့် တရစပ် ပြန်လည်ပစ်ခတ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

“ဇူလိုင် ၁၃ မနေ့က ကပစ (၁၄) ဘက်ကနေ ရိုးမပေါ်ကို လက်နက်ကြီးတွေ တရစပ်ဆက်တိုက် ပစ်နေခဲ့တာ။ တော်လှန်ရေးတပ်တွေ ရှိနိုင်တယ်လို့ သူတို့ ထင်ထားတဲ့ နေရာတွေကို ပစ်တာ” ဟု ၎င်းက ဆက် ပြောသည်။

ရခိုင်-မကွေးလမ်းပေါ်ရှိ နတ်ရေကန်ဗျူဟာကုန်း အပါအဝင် ရခိုင်ရိုးမ တောင်ကြောတစ်လျှောက်တွင် အပြန် အလှန် ပစ်ခတ်မှုများ မကြာခဏရှိနေပြီး၊ စစ်တပ်က ကာကင်းစခန်းများကို တိုးချဲ့တည်ဆောက်နေသလို စစ်တပ် အင်အားများကိုလည်း ဆက်တိုက်ဖြည့်တင်းလျက်ရှိသည်။

ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၄) သည် မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်နှင့် ငဖဲမြို့နယ်အစပ်၊ ရှောက်တောင်ကျေးရွာအနီးတွင် တည်ရှိသည်။

အဆိုပါစက်ရုံသည် စစ်တပ်၏ ဒုံးလက်နက်ဌာနကြီး လက်အောက်မှနေ၍ လေကြောင်းရန်ကာကွယ်ရေး ဒုံးလက်နက် (SAM-16 Igla) အပါအဝင် ပုခုံးထမ်းပစ် ဒုံးကျည်များနှင့် 

ဆက်စပ်ပစ္စည်းများကို အဓိက ထုတ်လုပ်သည့် အရေးပါသော စက်ရုံတစ်ခု ဖြစ်သည်။

ထိုစက်ရုံသည် စစ်တပ်အတွက် အလွန်အရေးပါသော လက်နက်ခဲယမ်း ထောက်ပံ့ရေး ဗဟိုချက်ဖြစ်သော ကြောင့် လုံခြုံရေးကို အထူးတင်းကျပ်ထားသော်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ဝင်ရောက်တိုက်ခိုက် မှုများကို မကြာခဏ ရင်ဆိုင်နေရသည်။

August 6, 2026
ရခိုင်ပြည်၊ ဂွနှင့် သံတွဲမြို့နယ်တို့၏ ကောင်းကင်ယံတွင် စစ်တပ်၏ လေယာဉ်များ...
August 4, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင်နေကြသည့် ရေလုပ်သားများသည် ပင်လယ်ပြင်တွင် ငါးရှာ...
August 3, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ ဂျိတ္တောရပ်ကွက်အပြင် ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကိုလည်း...
August 1, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ...