ဆားမှော်တွင် ကလေးငယ်များအပါအဝင် လူ ၃၀ ဝန်းကျင်ကို ပြည်သူ့စစ်အဖွဲ့ ဖမ်းဆီး

ဆားမှော်တွင် ကလေးငယ်များအပါအဝင် လူ ၃၀ ဝန်းကျင်ကို ပြည်သူ့စစ်အဖွဲ့ ဖမ်းဆီး

ကချင်ပြည်၊ မိုးကောင်းမြို့၊ ဆားမှော်ကျေးရွာရှိ KBC ဘုရားကျောင်းအတွင်းသို့ စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့က ကားနှစ်စီးဖြင့် ဝင်ရောက်လာပြီး ဘာသာရေးဆရာနှင့် ကလေးငယ်များ အပါအဝင် လူ ၃၀ ဝန်းကျင်ကို ရိုက်နှက်ကာ အဓမ္မဖမ်းဆီးခေါ်ဆောင်သွားသည်။

အဆိုပါဖြစ်စဉ်မှာ ဇူလိုင်လ ၈ ရက်နေ့၊ ညနေ ၅ နာရီဝန်းကျင်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပြည်သူ့စစ်အဖွဲ့ဝင် ၃၀ ဝန်းကျင်ခန့်က ဘုရားကျောင်းအတွင်းရှိ အရပ်သားများကို ပစ်မှတ်ထား ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ဘုရားကျောင်းက ဆောက်လုပ်ရေးတာဝန်ခံကို ခေါင်းတွေရိုက်ပြီး တချို့သူတွေကိုက သေနတ်နဲ့ ချိန်ထားတာ တဲ့။ ပြီးတော့ အဲဒီဘေးနားက စက်ဘီးစီးနေတဲ့သူတွေကိုတောင် ဖမ်းသွားတာဆိုတော့ အကုန်ကြောက်ကုန် ကြ တာပေါ့” ဟု ဆားမှော်ဒေသခံတစ်ဦးက KNG ကို ပြောပြသည်။

ဖမ်းဆီးခံရသူများထဲတွင် ဆားမှော် ခရစ်ယာန်ဘုရားကျောင်းမှ သင်းအုပ်ဆရာ၊ ဆောက်လုပ်ရေးတာဝန်ခံ၊ အသက် ၅ နှစ်နှင့် ၇ နှစ်အရွယ် ကလေးငယ်နှစ်ဦး၊ အစာရှောင်ဆုတောင်းနေသည့် အမျိုးသမီး ၆ ဦး၊ ဘုရားကျောင်းဝန်းအတွင်း ခြင်းလုံးကစားနေသူ ကျောင်းသားလူငယ်များနှင့် ပန်းရံလုပ်သားများ ပါဝင်သည်။

ဘုရားကျောင်းဝန်းအတွင်းရှိ အရပ်သားများကို ဖမ်းဆီးရသည့် အကြောင်းရင်းနှင့် မည်သည့်နေရာသို့ ဖမ်းဆီး ခေါ်ဆောင် သွားသည်ကိုမူ လက်ရှိအချိန်ထိ အတည်မပြုနိုင်သေးပေ။

ဖြစ်စဉ်နှင့်ပတ်သက်၍ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ရုံးချုပ်ထံ အကြောင်းကြားထားပြီး၊ ဖမ်းဆီးခံ ထားရသူများကို တာဝန်ရှိသူများက ပြန်လည်လွတ်မြောက်အောင် ကူညီပေးရန် ဒေသခံများက တောင်းဆိုနေ ကြသည်။

ဆားမှော်ကျေးရွာတွင် ယခင်ကလည်း ဖမ်းဆီးမှုများ ဖြစ်ပွားခဲ့ဖူးသည်။ ၂၀၂၄ ခုနှစ်၊ မတ်လ ၃၁ ရက်က ဆားမှော်ကျေးရွာရှိ သတို့သမီးအပ်နှင်းပွဲ ပြင်ဆင်နေသည့် နေအိမ်တစ်လုံးသို့ ခလရ (၁၀၅) တပ်ရင်းက ဝင်ရောက်ကာ သင်းအုပ်ဆရာအပါအဝင် လူ ၆၀ ဝန်းကျင်ကို ဖမ်းဆီးခဲ့သည်။

ထိုစဉ်က ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) က ကြားဝင်စေ့စပ်ပေးသဖြင့် ဧပြီလ ၂ ရက်တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။

Most read this week

(ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နယ်တွင် မြေရှားသတ္တုတူးဖော်ရန် ပြင်ဆင်နေစဉ်/ Crd)
August 18, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မန်တုံမြို့နယ်တွင် မြေရှားသတ္တုတူးဖော်မှုကြောင့် ထိခိုက်မည့်...
ဓာတ်ပုံ - ပင်လည်ဘူးမြို့နယ် ဩဂုတ်လ ၁၆ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရသည့် အခြေအနေ။
August 18, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်အစပ်ရှိ ပင်လည်ဘူးမြို့နယ်၊ ကင်းပန်းကျေးရွာ ယခုရက်ပိုင်းအတွင်း...
ဓါတ်ပုံ - ရွှေကူမြို့တွင်း မြင်ကွင်းတစ်ခုအား တွေ့ရစဉ်။
August 17, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တိုက်ပွဲများကြောင့် လမ်းပိုင်း ပိတ်ဆို့ထားသဖြင့် ကျေးရွာများ၌ အစား...
August 14, 2026
ကချင်ပြည် အတွင်းရှိ မြို့နယ် ၅ ခု၌ စစ်အုပ်စုတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)...