ရခိုင်ပြည်အတွင်းရှိ မြို့နယ်ရှစ်ခုတွင် သောက်ရေကန်အများအပြား ရေနစ်မြုပ်ခဲ့ရသည့်အတွက် ဒေသခံ ပြည်သူများ၌ သောက်သုံးရေ အခက်အခဲ အကြီးအကျယ် ဖြစ်ပေါ်နေကြောင်း ဒေသခံများက ပြောသည်။
ဇူလိုင်လ ၄ ရက်နေ့မှစ၍ မိုးအဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် ချင်းပြည်နယ် ပလက်ဝမြို့အပါအဝင် ရခိုင်ပြည် အတွင်းရှိ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား စသည့် မြို့နယ်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ မြို့နယ်များရှိ သောက်သုံးရေကန်များမှာလည်း ရေလွှမ်းမိုးခြင်း ခံခဲ့ရသဖြင့် လက်ရှိတွင် သောက်သုံး၍ မရတော့ဘဲ ဖြစ်နေသည်။
မင်းပြားမြို့နယ်၊ အသေကာလရွာသားတစ်ဦးက “၈ ရက်နေ့မှာ သောက်ရေကန်တွေ အကုန်လုံးမြုပ်ပါတယ်။ ကျနော်တို့ရွာမှာ ရေကန်လေးကန်ရှိတယ်။ လေးကန်လုံးမြုပ်တယ်” ဟု ပြောသည်။
၎င်းကျေးရွာတွင် အိမ်ခြေ ၂၃၀ ခန့်ရှိပြီး နေအိမ်အများစု ရေနစ်မြုပ်ခဲ့ရသည့်အပြင်၊ လက်ရှိတွင် သောက်သုံးရေ ရရှိရန်အတွက် ရွာနှင့် တစ်မိုင်ခန့်ဝေးသည့် အနီးအနားရှိ ပုလဲတောင်ကျေးရွာသို့ လောင်းလှေများဖြင့် သွား ရောက်ခပ်ယူ သုံးစွဲနေကြရသည်။
၎င်းရွာသားက “ပုလဲတောင်မှာ ကန်တစ်ကန်ကျန်တယ်။ ပုလဲတောင်ရွာက မြောင်ရေကိုလည်း ခပ်ကြတယ်။ အသေကာလ၊ မင်းဖူး၊ ပုလဲတောင်ဟာ ပုလဲတောင်ကန်ကနေ ခပ်ကြတယ်။ ပုလဲတောင်မြောင်ရေကနေလည်း သောက်ရေခပ်ကြတယ်” ဟု ဆက်ပြောသည်။
မင်းပြားမြို့နယ်အတွင်း ပန်းမြောင်းကြီးချောင်းတစ်လျှောက်ရှိ အသေကာလ၊ ဒုံးသား၊ ဒုံကြီး၊ တောတန်း၊ ချင်းဆိပ်၊ တံခွန်တိုင်၊ ကုလားမတောင်၊ ဝါးတောင်၊ မြင်းကမ်းဆိပ်၊ မင်းဖူး၊ ပုလဲတောင်၊ ကပ္ပဲ၊ ချောင်းတို၊ သာစည်၊ ပွဲရကန်ဆိပ်၊ ရွှေသရက်၊ အိုးပျဉ်တောင်၊ အညှင်းတောင်၊ ပြင်ယောင်း၊ ပေါက်တော၊ ခွဆုံ၊ ဇိုင်ချောင်း၊ ငတာရွာ စသည့် ကျေးရွာများနှင့် ဖုံသာချောင်းတစ်လျှောက်ရှိ ကျေးရွာအများအပြား ရေနစ်မြုပ်ခဲ့ပြီး သောက်ရေကန်အများစုလည်း ရေဝင်ပျက်စီးခဲ့ရသည်။
ရခိုင်ပြည်အတွင်း မြို့နယ်ရှစ်ခုတွင် ရေကြီးရေလျှံမှုကြောင့် ကျေးရွာပေါင်း ၁၀၀ ခန့်နှင့် လူဦးရေ သိန်းနှင့်ချီ ရေဘေးသင့်ခဲ့ရသည်။
ဇူလိုင်လ ၁၂ ရက်နေ့တွင် ရေများ ပြန်လည်ကျဆင်းသွားခဲ့သော်လည်း သောက်ရေကန်များ ရေလွှမ်းခံခဲ့ရသဖြင့် သောက်သုံးရေ ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရဆဲ ဖြစ်သည်။ လက်ရှိတွင် ဒေသခံများသည် ရေနစ်မြုပ်ခဲ့သည့် သောက်သုံးရေကန်များမှ ရေများကို ရေစုပ်စက်များဖြင့် ပြန်လည်စွန့်ထုတ်နေကြရသည်။
အလားတူ ကျောက်တော်မြို့နယ်တွင် ကုလားတန်မြစ်ရေ မြင့်တက်မှုနှင့်အတူ တောင်ကျရေများ စီးဆင်းလာ သောကြောင့် မဟာမုနိ၊ ညောင်ချောင်း၊ စပါးဆိပ်၊ သရက်တပင်၊ ပန်းဖဲချောင်း၊ ကန်သုံးဆင့်၊ ဝါးတောင်၊ ပြိုင်းချောင်း၊ ပြိန်းချောင်း၊ လမုတပင် စသည့် ကျေးရွာများတွင်လည်း သောက်သုံးရေကန်များ ရေနစ်မြုပ်ခဲ့ ရသည်။
ကျောက်တော်ဒေသခံတစ်ဦးက “ဒီရွာတွေမှာ သောက်သုံးရေက အတော့်ကို အခက်အခဲဖြစ်နေရပါတယ်။ တောနား၊ တောင်နားတွေဆီသွားပြီး စိမ့်စမ်းရေတွေကို သွားခပ်ပြီး သောက်နေရတယ်။ သောက်ရေ အခက် အခဲတွေကိုလည်း ကူညီဖြေရှင်းပေးကြစေပါတယ်” ဟု ပြောသည်။
ယခုကဲ့သို့ သောက်သုံးရေ အခက်အခဲဖြစ်ပေါ်နေသည့် ကျေးရွာများတွင် ချောင်းရေ၊ မြောင်ရေနှင့် စိမ့်စမ်းရေ များကိုသာ ဖြစ်သလို ခပ်ယူသုံးစွဲနေရသဖြင့် ဝမ်းပျက်ဝမ်းလျောရောဂါများ ကူးစက်ပြန့်ပွားလာမည်ကိုလည်း ဒေသခံများက စိုးရိမ်လျက်ရှိကြသည်။
မြောက်ဦးမြို့နယ်တွင်မူ လေးမြို့မြစ်ရေ မြင့်တက်မှုကြောင့် ကျေးရွာအများအပြား ရေနစ်မြုပ်ခဲ့ရသော်လည်း သောက်သုံးရေကန်များ နစ်မြုပ်မှု မရှိခဲ့ကြောင်း မြောက်ဦးဒေသခံအချို့၏ ပြောပြချက်အရ သိရှိရသည်။







