ပုဏ္ဏားကျွန်းတွင် ရေကြီးစဉ် ခမီအမျိုးသားနှစ်ဦး ရေနစ်သေဆုံး

ပုဏ္ဏားကျွန်းတွင် ရေကြီးစဉ် ခမီအမျိုးသားနှစ်ဦး ရေနစ်သေဆုံး

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ပြီးခဲ့သည့်အပတ်က ရေကြီးရေလျှံမှုဖြစ်ပွားစဉ်အတွင်း ရခိုင်မျိုးနွယ်စုဝင် ခမီအမျိုးသားနှစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ရေနစ်သေဆုံးသွားခဲ့သူ နှစ်ဦးမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ ထောင်လောင်ပွန်းကျေးရွာမှ အသက် ၃ဝ ဝန်းကျင် အရွယ်များဖြစ်ကြသည့် ကိုအောင်ပိုင်နှင့် ကိုမောင်မောင်သန်းတို့ ဖြစ်ကြသည်။

၎င်းတို့သည် ဇူလိုင်လ ၁၁ ရက်နေ့က ရွာတစ်ဘက်ကမ်းရှိ လယ်ကွင်းမှအပြန်တွင် စမ်းမတီးချောင်းကို ဖြတ်ကူး စဉ် ချောင်းရေစီးနှင့်မျောပါပြီး ရေနစ်မြုပ်သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက နိရဉ္စရာ  သတင်းဌာနသို့ ပြောဆိုသည်။

“ချောင်းရေစီးကြောင်းနဲ့ပါသွားတာပါ။ သူတို့ရွာကိုကူးဖို့ ချောင်းတစ်ချောင်းရှိပါတယ်။ လယ်ကွင်းက နေပေါ့။ အဲဒီချောင်းကိုကူးတဲ့အချိန်မှာ သုံးယောက်ကူးတဲ့အချိန်မှာ နှစ်ယောက်ကတော့ ရေစီးကြောင်းနဲ့ ပါသွားတာပါ။ လက်ပစ်ကူးတာလား၊ လောင်းလှေနဲ့ကူးတာလားတော့ သေချာမသိသေးဘူး” ဟု ပြောသည်။

၎င်းတို့၏ရုပ်အလောင်းကို ဇူလိုင်လ ၁၃ ရက်နေ့တွင် ရွာနှင့် တစ်မိုင်ကျော်ခန့်ဝေးသည့် ကြာညိုကန်ကျေးရွာ အနီး၌ ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး၊ ထိုနေ့တွင်ပင် သင်္ဂြိုဟ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ရခိုင်ပြည် အတွင်းရှိ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ်များနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် ဇူလိုင်လ ၄ ရက်မှစတင်ကာ ၁၂ ရက်အထိ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းခဲ့ခြင်းကြောင့် မြစ်ရေနှင့် ချောင်းရေများမြင့်တက်ကာ ရေကြီးရေလျှံ မှုများ ကြုံတွေ့ခဲ့ရသည်။

ထိုသို့ ရေကြီးရေလျှံမှုများ ဖြစ်ပွားနေစဉ်အတွင်း ပုဏ္ဏားကျွန်းမြို့နယ်နှင့် ကျောက်တော်မြို့နယ်အပါအဝင် မြို့နယ်အချို့တွင် ဒေသခံအချို့ ရေနစ်သေဆုံးမှုများနှင့် ပျောက်ဆုံးမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။

ဇူလိုင်လ ၈ ရက်နေ့က ကျောက်တော်မြို့နယ်ရှိ ကုလားတန်မြစ်အတွင်း အပေါက်ဝကျေးရွာမှ တွဲဖက် အထက်တန်းကျောင်း (Grade-12) ကျောင်းသားတစ်ဦးသည် မျောပါလာသည့် ထင်းချောင်းများ ဆယ်ယူရာမှ ရေစီးနှင့်မျောပါပျောက်ဆုံးသွားခဲ့ရာ ဇူလိုင်လ ၁၄ ရက် ယနေ့အထိ ပြန်လည်ရှာဖွေမတွေ့ရှိသေးပေ။

အလားတူ ကျောက်တော်မြို့နယ်၊ နဂူမေကျေးရွာမှ Grade-12 ကျောင်းသားတစ်ဦးသည်လည်း ဇူလိုင်လ ပထမပတ်အတွင်း ကုလားတန်မြစ်အတွင်း၌ပင် ရေစီးနှင့်မျောပါ ပျောက်ဆုံးလျက်ရှိကြောင်း နီးစပ်သူများက ပြောသည်။

July 15, 2026
မကွေးတိုင်း၊ ငဖဲမြို့အနီးတွင် တည်ရှိသော အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၄) သည်...
July 14, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်အနီးရှိ အဝတောင်ကျေးရွာအနီးတွင် ဖြစ်ပွားခဲ့သော...
July 13, 2026
ရခိုင်ပြည်အတွင်းရှိ မြို့နယ်ရှစ်ခုတွင် သောက်ရေကန်အများအပြား ရေနစ်မြုပ်ခဲ့ရသည့်အတွက် ဒေသခံ...
July 13, 2026
ရခိုင်ပြည်အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေချိန်တွင် ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်အနီး...