ဂွမြို့နယ်တွင် စစ်တပ်၏ လေကြောင်း၊ ရေကြောင်း ပစ်ခတ်မှုကြောင့် ဒေသခံ ၆ ဦး ဒဏ်ရာရ

ဂွမြို့နယ်တွင် စစ်တပ်၏ လေကြောင်း၊ ရေကြောင်း ပစ်ခတ်မှုကြောင့် ဒေသခံ ၆ ဦး ဒဏ်ရာရ

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်တောင်ပိုင်း၊ ဂွမြို့နယ်ကို စစ်တပ်က ဂျက်တိုက် လေယာဉ်နှင့် စစ်သင်္ဘောများဖြင့် နေ့စဉ်ရက်ဆက် ပစ်ခတ်တိုက်ခိုက်နေသဖြင့် ဒေသခံများ ထိခိုက်ဒဏ်ရာရ မှုများ ရှိနေသည်။

ဇူလိုင်လ ၈ ရက်၊ နံနက် ၉ နာရီကျော်တွင် ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်တပ်၏ (နေဗီ) ရေတပ်က ပင်လယ်ပြင်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ ၆ ဦး ဒဏ်ရာရရှိခဲ့သည်။

ဒဏ်ရာရရှိသူများမှာ ဒေါ်မထား (၄၅ နှစ်)၊ ဒေါ်သန်းမေ (၇၄ နှစ်)၊ မရတနာထွန်း (၅ နှစ်)၊ ဦးညိုထွန်း (၄၈ နှစ်)၊ မသင်းသီရိထွန်း (၁၇ နှစ်) နှင့် ဒေါ်မိဝိုင်း (၅၀ နှစ်) တို့ ဖြစ်ကြသည်။

ဂွမြို့အနီးရှိ စက်မှုကျောင်းနှင့် စည်ပင်ကျေးရွာ ဝန်းကျင်ကိုလည်း ဇူလိုင်လ ၇ ရက်နေ့က ဂျက်တိုက်လေယာဉ် ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ဂွဒေသခံတစ်ဦးက “ပထမအကြိမ် ဂျက်တစ်စီးနဲ့ ဗုံး ၁ လုံး ကြဲချခဲ့တယ်။ နောက် တစ်နာရီလောက်နေတော့ ဗုံး ၃ လုံး ကြဲချသွားတယ်။ မြို့အနီးနဲ့ တောတောင်တွေဘက် ကျတာဆိုတော့ ဒေသခံတွေ ထိခိုက်မှု မရှိပါဘူး။ ဒီနေ့လည်း စစ်တပ် နေဗီကနေ လှမ်းပစ်တာတွေ ရှိတယ်” ဟု ပြောသည်။

လက်ရှိတွင် ဂွဒေသခံများမှာ လုံခြုံရေးအတွက် အထူးသတိပြုနေရပြီး အချို့မှာမူ စိုးရိမ်မှု လျော့နည်းနေသည် ဟုလည်း ဆိုကြသည်။

အခြား ဂွမြို့ခံတစ်ဦးက “သိပ်ပြီး စိုးရိမ်ပုံတော့ မရဘူး။ ဂျက်ကလည်း ရခိုင်မြောက်ပိုင်းမှာလို တအား ကဲတာ မဟုတ်တော့ ဖြစ်တဲ့အချိန်လေး ခဏ ပုန်းအောင်းနေပြီး ပုံမှန်ပြန်နေကြတာပါပဲ” ဟု ပြောသည်။

ဂွမြို့နယ်တစ်ခုလုံးကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်တွင် AA က သိမ်းပိုက်ထားခြင်းဖြစ်ပြီး၊ ဂွမြို့နယ်နှင့် ထိစပ်နေသည့် ဧရာဝတီတိုင်းအတွင်းမှ စစ်တပ်စခန်းများကို AA က သိမ်းပိုက်လာသည့်အတွက် ယခုကဲ့သို့ ပစ်ခတ်တိုက်ခိုက်မှုများ ပိုမိုများပြားလာခြင်း ဖြစ်သည်ဟု သုံးသပ်မှုများ ရှိနေသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ အာရက္ခတပ်တော် (AA) က ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်အရ ဇူလိုင် ၈ ရက်၊ နံနက်ပိုင်းမှ နေ့လယ်ပိုင်းအထိ စစ်တပ်သည် ဂွကမ်းခြေနှင့် ဧရာဝတီတိုင်း ဘောမိကမ်းခြေတစ်လျှောက်တွင် စစ်သင်္ဘော ၄ စီးဖြင့် လက်နက်ကြီး ၈၇ ကြိမ်ခန့် ရမ်းသန်းပစ်ခတ်ခဲ့သည်။

ထို့ပြင် ဇူလိုင် ၇ ရက် ညပိုင်းတွင်လည်း ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် နှစ်ကြိမ်တိုင် တိုက်ခိုက်ခဲ့ကြောင်း AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most read this week

စစ်တွေမြို့နယ်မှ မွတ်ဆလင်ဒုက္ခသည်စခန်းတစ်ခုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
August 18, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ကျေးရွာအချို့တွင် ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားမှုနှုန်း...
ဓါတ်ပုံ - (ပေးပို့) ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၁၄ ရက်နေ့က ဖုံသာချောင်းဒေသ နတ်ထောင့်ကျေးရွာ မူလွန်စာသင် ကျောင်းတွင် ပညာသင်ကြားနေသည့် ကလေးငယ်များကို တွေ့ရစဉ်။
August 18, 2026
ရခိုင်ပြည်၊ အဉ္ဇနပူရ (မင်းပြား) မြို့နယ်၊ ဖုံသာချောင်းဒေသရှိ နတ်ထောင့် (ရွာဟောင်း) ကျေးရွာတွင်...
(ပုံစာ - ၂၀၂၄ ခုနှစ်အတွင်းက တာမွေမြို့နယ်အတွင်း ဝမ်းပျက်/ဝမ်းလျှောရောဂါ ဖြစ်ပွားခဲ့သည့်နေရာများသို့ ကွင်းဆင်းနေကြစဉ် / ဓာတ်ပုံ - MOI)
August 17, 2026
ရန်ကုန်တိုင်းအတွင်း ကာလဝမ်းရောဂါဖြစ်သည့် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားသူ ၂၆၀ ကျော်လာနေပြီး...
AA Info Desk (ဩဂုတ်လ ၁၁ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို လေကြောင်း တိုက်ခိုက်မှု)
August 17, 2026
စစ်အုပ်စုတပ်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဩဂုတ်လ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ရခိုင်နှင့်...