ကျောက်ဖြူမှ ဖမ်းဆီးခံလူငယ် ၂ ဦး၏အမှု ၈ လကြာအထိ တရားစွဲဆိုထားသည့် စစ်ကောင်စီဘက်မှ လာရောက်ထွက်ဆိုမှု ၃ ကြိမ်သာရှိခဲ့

ကျောက်ဖြူမှ ဖမ်းဆီးခံလူငယ် ၂ ဦး၏အမှု ၈ လကြာအထိ တရားစွဲဆိုထားသည့် စစ်ကောင်စီဘက်မှ လာရောက်ထွက်ဆိုမှု ၃ ကြိမ်သာရှိခဲ့

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် မူရွင်းကျေးရွာမှ ပုဒ်မ ၅၀၅ (က) ဖြင့် ဖမ်းဆီးတရားစွဲခံထားရသည့် လူငယ် ၂ ဦးသည် ကျောက်ဖြူတရားရုံးမှာ တရားရင်ဆိုင်နေရတာ ၈ လခန့်ကြာသည် အထိ စစ်ကောင်စီဘက်မှ သုံးကြိမ်သာ လာရောက်ထွက်ဆိုခဲ့ပြီး ကျန်ရုံးချိန်း အကြိမ်ကြိမ်ပျက်ကွက်နေသဖြင့် အဖမ်းခံ ထားရသူများအတွက် များစွာနစ်နာမှုရှိနေသည်ဟု မိသားစုဝင်များကပြောသည်။

ဇန်နဝါရီလ ၃၁ ရက် မနေ့ကလည်း စစ်ကောင်စီဘက်မှ တရားလိုပြသက်သေနှစ်ဦးကို စစ်ဆေးရန် ရုံး ချိန်းချိန်းဆိုခဲ့သော်လည်း ရောက်လာခြင်းမရှိသဖြင့် လာမည့် ဖေဖော်ဝါရီလ ၇ ရက်သို့ ရုံးချိန်း ထပ်မံချိန်း ဆိုလိုက်ရကြောင်း သိရသည်။

ရှစ်လခန့်အချိန်အတွင်း စစ်ကောင်စီဘက်မှ တရားလိုနှင့် လိုပြသက်သေနှစ်ဦးတို့ကိုသာ စစ်ဆေးခဲ့ပြီး ဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

" သူတို့ကို တရားရုံးကို ရဲရဲဝံ့ဝံ့လာပြီးတော့ သက်သေဆိုပြီး အမှုကိုပြီးပြတ်အောင်လုပ်စေချင်တယ်။ အခု ကလာပြီးတော့လည်း သက်သေမဆိုဘူး။ မတင်ပြဘဲနဲ့ ကလေးတွေကို အဓ္ဓမ အမှုဆင်ပြီး ဖမ်းဆီးထား တယ်လို့မြင်တယ်။ စိတ်မကောင်းဖြစ်ရပါတယ်။ ဒီကလေးတွေက လူငယ်တွေ၊ ကျောင်းသားတွေလည်း ဖြစ်တယ်။ ဒါကသက်သက်မဲ့ပြည်သူတွေကို အဓိပ္ပါယ်မဲ့နှိပ်စက်နေတာပဲ "

ထို့အပြင် တရားလိုစစ်ကောင်စီဘက်မှ ရုံးချိန်းတွေပျက်ကွက်နေသည့် အတွက် အပတ်စဉ်ရုံးချိန်းလာရန် မိသားစုဝင်များမှာ အလုပ်အကိုင်ပျက်ဖြစ်ရပြီး ခရီးစရိတ်ဖိုးများလည်း အများကြီးကုန်ကျနေသဖြင့် အဖက်ဖက်မှနစ်နာမှုရှိနေသည်ဟု မိသားစုဝင်များက ထပ်မံပြောသည်။

ဖမ်းဆီးတရားစွဲခံထားရသည့်လူငယ်နှစ်ဦးမှာ ကျောက်ဖြူမြို့နယ် မူရွင်းကျေးရွာက ပန်းရံလုပ်ကိုင်တဲ့ ကိုစိုင်းဝဏ္ဏကျော် (၂၈ နှစ်)နှင့် ကိုထွန်းထွန်းဇော် (၂၀ နှစ်) တို့ဖြစ်သည်။

၎င်းတို့သည် ပြီးခဲ့တဲ့နှစ် ဇွန်လ ၂၄ ရက်က ကျောက်ဖြူမြို့နယ် ဇင်ချောင်းကျေးရွာသို့ လုပ်ငန်းသုံးပစ္စည်း ဝယ်အပြီးလမ်းတွင် ရဲတပ်ဖွဲ့ဝင် ၅ ဦးက မသင်္ကာ၍ စစ်ဆေးမေးမြန်း စရာရှိသည်ဟုဆိုကာ အဖမ်းခံခဲ့ရ ခြင်းဖြစ်ကြောင်း ၎င်းတို့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

ဇင်ချောင်းရဲစခန်း၌ ဇွန်လ ၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် မိသားစုဝင်များ တွေ့ခွင့်ရခဲ့ပြီး ညနေပိုင်းတွင် ကျောက်ဖြူမြို့က စစ်တပ်သို့ခေါ်ဆောင်သွားကာ နှစ်ရက်ကြာ စစ်ဆေးမေးမြန်းခံခဲ့ရကြောင်း သိရ သည်။

၎င်းတို့နှစ်ဦးအား ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းရဲစခန်းမှ ရဲအရာရှိတစ်ဦးက တရားလိုပြုလုပ်ကာ ခုလို တရားစွဲခံထားရခြင်းဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ စစ်ရေးပြင်းထန်ခဲ့ချိန်က ရခိုင်ပြည်သူ အများအပြားကို စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုမှုများရှိခဲ့ပြီး တရားလိုလုပ်တဲ့ စစ်ကောင်စီဖက်မှ ရုံးချိန်းတွေမှာ လာရောက်ဖို့ ပျက်ကွက်မှုများရှိနေကြောင်း သိရသည်။

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...