ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပု၏ တိမ်စွဲနေသည့် မျက်စိတစ်ဖက်ကိုခွဲစိတ်ကုသရန် ခွင့်ပြုချက် ငါးလကျော်ခန့်ကြာသည်အထိမရသေး

ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပု၏ တိမ်စွဲနေသည့် မျက်စိတစ်ဖက်ကိုခွဲစိတ်ကုသရန် ခွင့်ပြုချက် ငါးလကျော်ခန့်ကြာသည်အထိမရသေး

ပုဒ်မအသီးသီးဖြင့် အလုပ်ကြမ်းနှင့်နှစ်ရှည်ထောင်ဒဏ် နှစ်ချမှတ်ခံထားရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပု၏မျက်စိတစ်ဖက်တိမ်စွဲနေသည်ကို ခွဲစိတ်ကုသရန်အတွက် စစ်တွေအကျဉ်းထောင်မှ အကျဉ်းထောင်ဦးစီးမှူးထံသို့ ခွင့်ပြုချက်တောင်းထားသော်လည်း ငါးလကျော်ခန့်ကြာမြင့်သည့်ထိ အကြောင်းတစ်စုံတစ်ရာပြန်ကြားခြင်းမရှိသေးကြောင်း သိရသည်။

လက်ရှိစစ်တွေအကျဉ်းထောင်ထဲတွင် နှစ်ရှည်ထောင်ဒဏ်ကျခံနေရသည့် ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပုတွင် ဘယ်ဘက်မျက်စိတစ်ဖက်တိမ်စွဲနေပြီး မျက်စိအမြင်အာရုံမှုန်ဝါးလာနေသဖြင့် ခွဲစိတ်ကုသရန်လိုအပ်နေကြောင်း ၎င်း၏မိသားစုဝင်များကပြောသည်။

ဦးညီပု၏သမီးကြီးဖြစ်သူ မကြည်ကြည်ဦးက  "အဲဒါသူတို့ဘာမှပြန်မပြောဘူး။ စာတင်ထားတာပဲ ရှိတယ်။ စာတင်ထားတာက ကြာတော့ကြာပြီ။ ငါးလ၊ ခြောက်လလောက်တော့ရှိပြီ။ ထောင်ပိုင်ကို တရားဝင်စာရေးပြီးတောင်းဆိုထားတာပါ။ ဖြစ်နေတဲ့မျက်လုံးတစ်ဖက်ကတော့ မမြင်ရဘူးသေချာ၊ ဝါးလာနေပြီ။ မကုရတော့ပိုဆိုးလာတာပေါ့။ ပြန်အကြောင်းပေးတာတော့ရှိစေချင်တယ်။ အခုကတော့ မျက်လုံးတစ်ဖက်ဝါးနေတာပါပဲ။ တခြားတော့သူနဲ့တိုက်ရိုက်စကားမပြောရတော့ မပြောတတ်ဘူး" ဟု နိရဉ္စရာကို ပြောသည်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပုသည် မဲသမာမှုပုဒ်မ ၁၃၀ (က)နှင့် ထောင်ဒဏ် ၂ နှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅နှင့် ထောင်ဒဏ် ၉ နှစ်နှင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)နှင့် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ် ကျခံထားရကြောင်း သိရသည်။

၎င်းအားစတင်ဖမ်းဆီးခဲ့သည့်အချိန်မှစ၍ ၎င်းနှင့်မိသားစုဝင်များမှာတွေ့ဆုံခွင့်မရသေးဘဲ ထောင်ဝင်စာတွေ့ခွင့်တောင်းဆိုရာတွင်လည်း တွေ့ခွင့်မပေးကြောင်း မိသားစုဝင်များကပြောသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုနှင့် အစိုးရဖအဖွဲ့ဝင်ဝန်ကြီးများ၏ အမှုများကိုလည်း စစ်တွေအကျဉ်းထောင်အထူးတရားရုံး၌သာ စစ်ဆေးစီရင်ချက်ချမှတ်ခဲ့ကြောင်းသိရသည်။

 စစ်ကောင်စီက ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက်၊ စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်းဦးညီပုနှင့် စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်တို့ ပုဒ်မ ၅၀၅ အတွက်ကျခံနေရသည့် ပြစ်ဒဏ်မှ ပြစ်ဒဏ် ၆ ပုံ ၁ ပုံကို လျော့ချပေးခဲ့ခြင်းဖြစ်ကြောင်း နီးစပ်သူတစ်ဦးကပြောသည်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပုနှင့် ဦးမင်းအောင်တို့သည် ပုဒ်မ ၅၀၅ (ခ)အပါအဝင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မနှင့် မဲသမာမှုပုဒ်မတို့နှင့် ထောင်ဒဏ်နှစ်ရှည်အသီးသီး ချမှတ်ခံထားရကြောင်း သိရသည်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပုအပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးဟောင်း ငါးဦးစလုံးသည် ဖမ်းဆီးခံရချိန်မှစ၍ စစ်တွေအကျဉ်းထောင်ထဲတွင် ထိန်းသိမ်းခံနေရကာ မိသားစုဝင်များနှင့်လည်း တွေ့ဆုံခွင့်မရကြောင်း သိရသည်။

July 16, 2026
ဧရာဝတီတိုင်းအတွင်းရှိ ငသိုင်းချောင်း-ဂွလမ်းပေါ်တွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား...
July 15, 2026
မကွေးတိုင်း၊ ငဖဲမြို့အနီးတွင် တည်ရှိသော အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၄) သည်...
July 14, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ပြီးခဲ့သည့်အပတ်က ရေကြီးရေလျှံမှုဖြစ်ပွားစဉ်အတွင်း...
July 14, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်အနီးရှိ အဝတောင်ကျေးရွာအနီးတွင် ဖြစ်ပွားခဲ့သော...