အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကော်မတီ (NSPNC) က အကောင်အထည်ဖော်နေသည့် ရက် ၁၀၀ စီမံကိန်းအတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (EAO) များနှင့် တွေ့ဆုံဆွေးနွေးမှုများမှ တစ်ဆင့် ငြိမ်းချမ်းရေးအစစ်အမှန်ကို ရရှိနိုင်မည်မဟုတ်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။
အဆိုပါ စီမံကိန်းကို ဧပြီလ ၂၁ ရက်မှ ဇူလိုင်လ ၃၁ ရက်အထိ သတ်မှတ်ထားပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက် မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့်အဖွဲ့များအပြင် မထိုးထားသည့်အဖွဲ့များကိုပါ NSPNC က တွေ့ဆုံလျက်ရှိသည်။
တိုင်းရင်းသားအရေး လေ့လာသူတစ်ဦးက “သူတို့ပုံဖော်နေတဲ့ ရက် ၁၀၀ ငြိမ်းချမ်းရေးမှာ EAO တွေနဲ့ တွေ့နေ ပါတယ်ဆို တာကို ပုံဖော်ချင်တာပေါ့။ ဒါပေမဲ့ ဘာမှထူးခြားတာမရှိပါဘူး။ မင်းအောင်လှိုင်သွားနေတဲ့ ငြိမ်းချမ်း ရေးက အရင်ချထားတဲ့ NCA လမ်းကြောင်း ၂၀၀၈ ကိုဝင်သွားတဲ့ လမ်းကြောင်းပါပဲ။ သူ့ရပ်တည်ချက်က ဘာမှပြောင်းလဲမှု မရှိသလို ဒီပုံစံအတိုင်း ဆွေးနွေးမယ်ဆိုရင် ဘာအဖြေမှရမယ်လို့လည်း ကျနော်မထင်ပါဘူး” ဟု ပြောသည်။
စစ်အုပ်စုသည် ဇွန်လအတွင်း NCA ၇ ဖွဲ့ ကိုယ်စားပြုအဖွဲ့နှင့် အလွတ်သဘော ဆွေးနွေးခဲ့ပြီးနောက် အဖွဲ့အစည်း များကို တစ်ဖွဲ့ချင်းစီ ခေါ်ယူတွေ့ဆုံလျက်ရှိသည်။
ဇူလိုင် ၆ ရက်နေ့ကလည်း ကရင်ငြိမ်းချမ်းရေးကောင်စီ (PC) ဒုဥက္ကဋ္ဌ နော်ကပေါ်ထူးဦးဆောင်သည့်အဖွဲ့နှင့် နေပြည်တော်၌ တွေ့ဆုံခဲ့ပြီး လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

သို့သော် တစ်ဖက်တွင်လည်း စစ်အုပ်စုက NCA လမ်းကြောင်းမှ သွေဖည်သည်ဟု သတ်မှတ်ထားသည့် (KNU) ထိန်းချုပ်နယ်မြေများသို့ ထိုးစစ်ဆင်၊ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေသည်။
နိုင်ငံရေးသုံးသပ်သူ မောင်ကျော်စွာက “နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို ဖွင့်ချင်လို့ စိုးမိုးထားတဲ့ အဖွဲ့ အစည်းတွေကို အဲဒီကိစ္စ ဆောင်ရွက်ပေးဖို့ ပြောတယ်။ PC နဲ့တွေ့တဲ့အခါမှာ ရာပြည့်တို့က တောင်းဆိုနေတာ တွေ့ရတယ်။ တခြားအဖွဲ့တွေကိုလည်း ချဉ်းကပ်တယ်။ အဲဒါသူတို့ရဲ့ ငြိမ်းချမ်းရေးလုပ်နည်းပဲ။ ဒါပေမဲ့ ဒီနည်း က ငြိမ်းချမ်းရေးရဖို့ မလွယ်ဘူး” ဟု မှတ်ချက်ပြုသည်။
စစ်အုပ်စု၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) တို့ကို ချန်လှပ်ထားခြင်းကြောင့်လည်း ဝေဖန်မှုများရှိသည်။
စစ်မှန်သော ငြိမ်းချမ်းရေးရရှိရန်အတွက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်၊ နိုင်ငံရေးအကျဉ်းသားများကို ပြန် လွှတ်ပေးရန်နှင့် ၂၀၂၁ နောက်ပိုင်း ပေါ်ပေါက်လာသည့် တော်လှန်ရေးအင်အားစုများနှင့်ပါ ပွင့်လင်းမြင်သာစွာ ဆွေးနွေးရန် လိုအပ်နေကြောင်း လေ့လာသူများက ထောက်ပြထားသည်။







