ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုနှင့် ခွင့်ပြုချက်မရှိဘဲ လုပ်ငန်းများ လုပ်ကိုင်မှုကြောင့် ဖမ်းဆီးခံရပြီး နေရပ်ပြန်ပို့ခံရသည့် မြန်မာရွှေ့ပြောင်းလုပ်သားများကို စစ်တပ်ဘက်က ယခင်ကထက် ပိုမိုမြန်ဆန်စွာ လက်ခံနေပြီး ပြန်ပို့ခံရသူအများစုမှာ စစ်မှုထမ်းရန် အဓမ္မစုဆောင်းခံနေရသည်။
ကော့သောင်းနယ်စပ်မှ မြန်မာရွှေ့ပြောင်းလုပ်သားအရေး စောင့်ကြည့်နေသည့် FE 5 Tanintharyi ၏ အချက် အလက်များအရ ရနောင်းထိန်းသိမ်းရေးစခန်းမှ ကလေးငယ်များအပါအဝင် တရားမဝင် မြန်မာရွှေ့ပြောင်း လုပ်သားများကို တစ်လလျှင် နှစ်ကြိမ်နှုန်းဖြင့် ၂၀၂၆ ခုနှစ် ငါးလတာကာလအတွင်း လုပ်သား ၇၆၅ ဦး နေရပ်ပြန်ပို့ခံထားရသည်။
ယခင်က စာရွက်စာတမ်းကိစ္စများကို အကြောင်းပြကာ လက်ခံရန် သုံးလအထိ ကြန့်ကြာလေ့ရှိသော်လည်း စစ်မှုထမ်းဥပဒေ စတင်အကောင်အထည်ဖော်ချိန်မှစ၍ လက်ခံမှုမှာ ပိုမိုမြန်ဆန်လာခြင်းဖြစ်သည်။
ပြန်ပို့ခံရသူအများစုကို စစ်တပ်မှ ကော့သောင်းကမ်းဘက်တွင် စာရင်းဇယားများနှင့်တကွ အသင့်စောင့်ဆိုင်းကာ ကော့သောင်းအခြေစိုက် တပ်ရင်းသို့ တိုက်ရိုက်ပို့ဆောင်လျက်ရှိသည်။
FE 5 Tanintharyi မှ တာဝန်ရှိသူတစ်ဦးက “စစ်မှုထမ်းဥပဒေ အသက်မဝင်ခင်ကဆိုရင် ရနောင်း လဝက အချုပ် မှာရှိနေတဲ့ မြန်မာတွေကို ကော့သောင်းပြန်ပို့ဖို့ဆိုတာ အရမ်းကြာလေ့ရှိတယ်။ တစ်ခါတစ်လေဆို သုံးလအထိ ထားပြီးမှပြန်ပို့တယ်။ စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်လာပြီးချိန်မှာတော့ မြန်မြန်ဆန်ဆန်လုပ်လာပြီး မြန်မြန် လက်ခံလေ့ရှိတယ်” ဟု ပြောသည်။
လာမည့်လပိုင်းများတွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးထားသည့် မြန်မာနိုင်ငံသားများကို နေရပ်ပြန်ပို့ရေး အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်သဖြင့် ရွှေ့ပြောင်းလုပ်သားများအတွက် စိုးရိမ်ဖွယ်ဖြစ်နေသည်။
ထိုင်းမှ ကော့သောင်းသို့ ပို့ဆောင်ခံရပြီးနောက် စစ်မှုထမ်းသို့ ရောက်ရှိသွားသူများမှာ ငွေကြေးရာနှင့်ချီ ပေးဆောင်သော်လည်း လွတ်မြောက်ခြင်းမရှိကြောင်း မွန်ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
“စိတ်ပူရတာပေါ့ ဒီစစ်မှုထမ်းနောက်ပိုင်း ထိုင်းမှာတစ်ခုခုလုပ်မိလို့ သူတို့ပို့လာမှန်း မသိမှာကိုစိုးတယ်။ ကျမ မောင်လေးထိသွားတုန်းက ကော့သောင်းဘက်ကနေ ပို့ခံရတာမသိဘူး။ နောက်ပိုင်း အဆက်သွယ်ရတော့ ပိုက်ဆံ လိုက်ရှာရတယ်လေ။ ရာနဲ့ ချီ တောင်းတယ်။ ပိုက်ဆံပေးပြီး ပြန်လွတ်မလွတ်မသိဘူး။ လူအစားထိုးရမှ လွှတ်တယ်။”
နယ်စပ်သို့ ပြန်ပို့ခံရသည့် အလုပ်သမားများအတွက် နီးစပ်ရာတွင် အကူအညီတောင်းခံနိုင်ရန်နှင့် လုံခြုံရေး အတွက် ကာကွယ်ရေးလုပ်ငန်းစဉ်များကို အမြန်ဆုံးလုပ်ဆောင်သင့်ကြောင်း အလုပ်သမားအရေး ဆောင်ရွက် နေသူများက တိုက်တွန်းထားသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်း တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၂,၀၇၂ ဦးကို ၁၆ ကြိမ်ခွဲ၍ ပြန်လည် လွှဲပြောင်းခဲ့သည်။
ပြည်တွင်း၌ အလုပ်အကိုင် ရှားပါးမှုကြောင့် ထိုင်းနိုင်ငံသို့ ထွက်ခွာသူများပြားနေပြီး တာ့ခ်၊ ရနောင်း၊ ကန်ချန ဘူရီနှင့် ချင်းရိုင်နယ်စပ်တို့တွင် နေ့စဉ် ဖမ်းဆီးခံနေရသည်။







