ဂွ-ငသိုင်းချောင်းလမ်းတွင် AA နှင့် စစ်တပ် တိုက်ပွဲပြင်းထန်

ဂွ-ငသိုင်းချောင်းလမ်းတွင် AA နှင့် စစ်တပ် တိုက်ပွဲပြင်းထန်

ဧရာဝတီတိုင်းအတွင်းရှိ ငသိုင်းချောင်း-ဂွလမ်းပေါ်တွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေကြောင်း ဒေသခံများက ပြောသည်။

ဒေသခံသတင်းရင်းမြစ်တစ်ခုက “အမတ ၃၄၄ ကို အင်အားထပ်ဖြည့်တယ်။ ပြီးတော့ AA ဆီမှာ အသိမ်းခံထား ရတဲ့ နေရာတွေကို ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်။ အဓိက ကားလမ်းနဲ့ အစပ်နေရာတွေပေါ့” ဟု နိရဉ္စရာသို့ ပြောသည်။

လက်ရှိ တိုက်ပွဲဖြစ်ပွားနေသော နေရာသည် ဂွ-ငသိုင်းချောင်းလမ်းပေါ်ရှိ ရေကြည်မြို့နယ်၊ ရိုးတောင်ခြေရင်း မြောက်စမ်းကျေးရွာအနီးနှင့် အဆိုပါ ဝန်းကျင်နေရာများ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“အမတအမှတ် (၃၄၄) နဲ့ ပတ်ဝန်းကျင် ကာကင်းစခန်းဟောင်းနေရာတွေရယ်၊ တောင်တန်းအချို့တို့မှာ ဖြစ်နေကြတာ။ နှစ်ဖက်တိုက်ပွဲက ပြင်းထန်နေတဲ့ အနေအထားလို့ ပြောလို့ရပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

ဇူလိုင်လ ပထမပတ်က အာရက္ခတပ်တော်က စစ်တပ်၏ ကာကင်းစခန်း ၅ ခုကို သိမ်းပိုက်ရရှိခဲ့ပြီးနောက်၊ စစ်တပ်ဘက်က ပုသိန်အခြေစိုက်တပ်ရင်းများဖြင့် အင်အားဖြည့်တင်းကာ အမတ (၃၄၄) မှတစ်ဆင့် တက်၍ ရှေ့တန်းလက်ကျန် ကာကင်းများကို ခြေကုတ်ယူပြီး ပြန်လည်ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။

ယခုလက်ရှိတွင် သာပေါင်းနှင့် ရေကြည်မြို့နယ်အစပ် နေရာများ၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး၊ တိုက်ပွဲ ဖြစ်ပွားရာ အနီးဝန်းကျင်ရှိ နေရာအချို့ကို စစ်တပ်က ဂျက်တိုက်လေယာဉ်၊ Y-12 လေယာဉ်တို့ဖြင့် ဗုံးကြဲတိုက် ခိုက်မှုများ ပြုလုပ်နေကြောင်း အခြား ဒေသခံအမျိုးသားတစ်ဦးကလည်း နိရဉ္စရာသို့ ပြောသည်။

“အဲဒီနေရာအစပ်တွေက တောင်ကုန်းတောတန်းနေရာတွေမှာ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်တွေကို AA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်တာတွေရှိတယ်။ တခြားဖက်မှာလည်း တော်လှန်ရေးတပ် တွေက စစ်တပ်ရဲ့ ရဲကာကင်းတွေကို တိုက်နေတာတွေရှိတယ်။ ထိတွေ့တိုက်ပွဲကတော့ နေ့တိုင်းလိုလို ဖြစ်နေ ကြတာ” ဟု ၎င်းက ပြောသည်။

အဆိုပါ စစ်ကြောင်းများသည် ဧရာဝတီတိုင်း ဂွ-ငသိုင်းချောင်းလမ်းမှတစ်ဆင့် ဂွမြို့နယ်သို့ ထိုးစစ်ဆင်နေသည့် စစ်တပ်၏ တပ်မ ၆၆ လက်အောက်ခံ စစ်ကြောင်းများဖြစ်ကြောင်း ဒေသခံများက ပြောသည်။

အာရက္ခတပ်တော်သည် စစ်တပ်၏ ယာယီကင်းစခန်းများကို လျှပ်တစ်ပြက် ဝင်ရောက်တိုက်ခိုက်မှုများ ပြုလုပ် လျက်ရှိရာ ဇူလိုင်ပထမပတ်က စခန်း ၅ ခုထက်မနည်းကို သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း တိုက်ပွဲများ အဆက်မပြတ် ဖြစ်ပွားလာခြင်း ဖြစ်သည်။

ထိုသို့ သိမ်းပိုက်ခံထားရသည့် စခန်းများကို စစ်တပ်က ပြန်လည်ရရှိရန် တိုက်ခိုက်လာခြင်းကြောင့် ရေကြည်နှင့် သာပေါင်းအစပ်၊ ဂွ-ငသိုင်းချောင်း ရိုးတောင်ခြေရင်းတို့တွင် AA နှင့် စစ်တပ်တို့အကြား နှစ်ဖက်တိုက်ပွဲများ ဆက်လက် ပြင်းထန်နေခြင်းဖြစ်ကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်များက သုံးသပ်ပြောဆိုကြသည်။

July 15, 2026
မကွေးတိုင်း၊ ငဖဲမြို့အနီးတွင် တည်ရှိသော အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၄) သည်...
July 14, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ပြီးခဲ့သည့်အပတ်က ရေကြီးရေလျှံမှုဖြစ်ပွားစဉ်အတွင်း...
July 14, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်အနီးရှိ အဝတောင်ကျေးရွာအနီးတွင် ဖြစ်ပွားခဲ့သော...
July 13, 2026
ရခိုင်ပြည်အတွင်းရှိ မြို့နယ်ရှစ်ခုတွင် သောက်ရေကန်အများအပြား ရေနစ်မြုပ်ခဲ့ရသည့်အတွက် ဒေသခံ...