ပလက်ဝနှင့် ဆမီးမြို့တွင် ရေကြီးရေလျှံမှုကြောင့် ပျက်စီးမှုများရှိနေ

ပလက်ဝနှင့် ဆမီးမြို့တွင် ရေကြီးရေလျှံမှုကြောင့် ပျက်စီးမှုများရှိနေ

ချင်းပြည် တောင်ပိုင်း၊ ပလက်ဝမြို့နယ်နှင့် ဆမီးမြို့တို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကုလားတန်မြစ် ရေ မြင့်တက်လာကာ ဒေသတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပွားနေပြီး လူနေအိမ်များနှင့် အားကစားကွင်းများ ရေနစ်မြုပ်လျက်ရှိသည်။

ဇူလိုင် ၇ ရက်နေ့မှစ၍ မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ရေဘေးသင့်ပြည်သူ အရေအတွက်နှင့် ပျက်စီးဆုံးရှုံးမှု အခြေအနေကို စုံစမ်းနေဆဲဖြစ်ကြောင်း ပလက်ဝမြို့နယ် လူသားစာနာဌာနမှ ဆလိုင်းစိုးသန်းက ပြောသည်။

“ကျနော်ကြားသိရတာကတော့ ဆမီးဘက်မှာဆိုရင်လည်း ဆမီးမြို့ ဘောလုံးကွင်းတွေဘာတွေ မြုပ်တဲ့ အထိ ဖြစ်တယ်ဆိုတော့ နေအိမ်တွေကတော့ ပျက်စီးမှု ရှိကောင်းရှိနိုင်တယ်။ ဒါပေမဲ့ အိမ်ခြေက ဘယ်လောက် အထိ ဖြစ်တယ်ဆိုတာ၊ ဆုံးရှုံးမှု၊ ပျက်စီးမှုတွေပေါ့နော်၊ ရေဘေးသင့်ပြည်သူ ဘယ်လောက်ရှိတယ် ဆိုတာကိုတော့ ပြောဖို့ခက်တယ်။ ရေကတော့ တော်တော်လေးကြီးတယ်ဆိုတာ ကြားသိရတယ်။ ကုလားတန် တစ်ကြောဘက် မှာလည်း ရေကြီးတယ်လို့ ပြောတယ်။ ထိခိုက်မှု အခြေအနေကတော့ စုံစမ်းနေဆဲပဲပေါ့နော်။”

ပလက်ဝမြို့နယ်အတွင်းရှိ လေမျိုချောင်းနှင့် ဗုဒ္ဓဂါမကျေးရွာဘက်တွင် ရေကြီးမှုဒဏ်ကို ပြင်းထန်စွာ ခံနေရ သော်လည်း လမ်းပန်းဆက်သွယ်ရေးနှင့် ဆက်သွယ်ရေးလိုင်းများ အခက်အခဲရှိနေ၍ အသေးစိတ်အခြေအနေကို သိရှိရန် ခက်ခဲနေသည်။

သို့သော် ဒေသတွင်း သတင်းရင်းမြစ်များ၏ အဆိုအရ မောင်ရွာ၊ ဗုဒ္ဓဂါမ၊ အလယ်ဒိန်ကင်းနှင့် နန်းမနူးကျေးရွာ များတွင် လယ်စပါးခင်းများနှင့် နေအိမ်အချို့ ပျက်စီးမှုများရှိနေသည်။

အထူးသဖြင့် ဗုဒ္ဓဂါမကျေးရွာတွင် နေအိမ် ၄ လုံးထက်မနည်း ပျက်စီးသွားပြီး အလယ်ဒိန်ကင်းကျေးရွာအုပ်စုမှ အိမ်ခြေ ၁၅ အိမ်ခန့်မှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။

ချင်းပြည်နှင့် ကပ်လျက်ရှိသည့် ရခိုင်ပြည်အတွင်း၌လည်း ဇူလိုင် ၄ ရက်နေ့မှစ၍ မိုးမစဲဘဲ ရွာသွန်းနေသဖြင့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်းနှင့် မောင်တောမြို့နယ်တို့တွင် ရေကြီးမှုများ ပိုမိုဆိုးရွားလာသည်။

အဓိက လမ်းမကြီးဖြစ်သည့် စစ်တွေ - ရန်ကုန် အဝေးပြေးလမ်းမကြီးမှာ ရေနစ်မြုပ်နေသဖြင့် ဒေသခံများ သွားလာရေး အခက်အခဲကြီးစွာ ကြုံတွေ့နေရပြီး ပုဏ္ဏားကျွန်းမြို့နယ် ယိုးချောင်းဒေသမှ ရေဘေးသင့် ပြည်သူ များလည်း အရေးပေါ် ရွှေ့ပြောင်းနေကြရသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားကောင်းနေသဖြင့် ဇူလိုင် ၉ ရက်နေ့မှ ၁၆ ရက်နေ့အထိ ရခိုင်နှင့် ချင်းပြည်အပါအဝင် ဒေသအချို့တွင် မိုးဆက်လက်သည်းထန်နိုင်ကြောင်း သတိပေးထားသည်။

July 24, 2026
ချင်းတော်လှန်ရေး ပူးပေါင်းတပ်နှင့် စစ်တပ်တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေသည့်...
July 24, 2026
အိန္ဒိယ-မြန်မာနယ်စပ် ကလေး - တမူးလမ်းကြောင်းပေါ်က တော်လှန်ရေးပူး ပေါင်းတပ်များ ထိန်းချုပ်ထား သည့်...
July 23, 2026
စစ်ကောင်စီ၏ ဆက်သွယ်ရေးဖြတ်တောက်မှုဒဏ် ခံနေရသည့် မြန်မာနိုင်ငံအတွင်း Starlink အင်တာနက်...
July 22, 2026
ချင်းပြည်မြောက်ပိုင်း၊ ထန်တလန်မြို့ပေါ်တွင် မြို့ဧရိယာအများစုကို ထိန်းချုပ်ထားသည်ဆိုသော...