ညောင်လေးပင်တိုက်ပွဲအတွင်း ဒေသခံနေအိမ်အလုံး ၂၀ ထက်မနည်း မီးရှို့ဖျက်ဆီးခံရ

ညောင်လေးပင်တိုက်ပွဲအတွင်း ဒေသခံနေအိမ်အလုံး ၂၀ ထက်မနည်း မီးရှို့ဖျက်ဆီးခံရ

ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင် တပ်မဟာ(၃)မှာ KNLA KNDO တို့နဲ့ တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီတပ်ဟာ ပြည်သူလူထုအပေါ် ပစ်မှတ်ထားပြီး လက်နက်ကြီးပစ်ခတ်မှုသာမက ဒေသခံ နေအိမ်အလုံး (၂၀) ထက်မနည်း မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ(၂၇)ရက်နေ့က KNU ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် ဘောကထားကျေးရွာထဲမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက် စစ်ကောင်စီတပ်က ပြည်သူလူထုကိုပစ်မှတ်ထားပြီး ကျေးရွာတွေထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ရာ မဘီကြီးကျေးရွာအတွင်းရှိ နေအိမ်(၃)လုံးနဲ့ စာသင်ကျောင်းတစ်ကျောင်း၊ မဘီလေးကျေးရွာအတွင်းက ဆေးပေးခန်း(၁)လုံး ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ KNU က ဆိုထားပါတယ်။

ဒါ့အပြင် နိုဝင်ဘာ(၂၈)ရက်နေ့ကလည်း စစ်ကောင်စီ ခမရ(၂၀)တပ်ရင်းက ကျောက်ကြီးမြို့နယ် ပဒဲကောကျေးရွာအုပ်စု ပဒဲကျေးရွာမင်းလမ်းပိုင်းရှိ ဒေသခံ နေအိမ်(၁၇)လုံးကို မီးရှို့ဖျက်ဆီးခဲ့သလို နိုဝင်ဘာ(၂၉)ရက်နေ့မှာလည်း ဘောကထားကျေးရွာရှိ နေအိမ်(၃)လုံးကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီဒေသတွေအတွင်း နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီးနောက် ဒေသခံပြည်သူလူထုတွေဟာ နေရပ်ကို ပြန်မနေရဲကြသေးဘူးလို့ ညောင်လေးပင်ခရိုင် ဒေသခံကရင်လူမှုရေးအရာ အဖွဲ့ဝင်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေ ကျောက်ကြီးမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ (၁၂)ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ KNLA KNDO တပ်တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဟာ ကျေးရွာတွေအပေါ် လေယာဉ် ဗုံးကြဲတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ကျေးရွာပေါင်း(၁၃)ရွာက လူဦးရေ(၈၀၀၀)ကျော် ထပ်မံတိမ်းရှောင်ထွက်ပြေးနေရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

July 16, 2026
မြန်မာ့အကျပ်အတည်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်...
July 15, 2026
မွန်ပြည်အတွင်းရှိ မြို့နယ်အချို့တွင် စားအုန်းဆီရောင်းချပေးမည်ဟုဆိုကာ အိမ်ထောင်စုစာရင်းများ...
July 11, 2026
မွန်ပြည်၊ ကျိုက်မရောဗဟို အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက...
July 10, 2026
စစ်တပ်မှ အရပ်သားအသွင်ပြောင်း အစိုးရတစ်ရပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည့် အစိုးရလက်ထက်တွင်...