ကျိုက်မရောထောင်အာဏာပိုင်များ နိုင်ငံရေးအကျဉ်းသားများကို နှိပ်စက်

ကျိုက်မရောထောင်အာဏာပိုင်များ နိုင်ငံရေးအကျဉ်းသားများကို နှိပ်စက်

မွန်ပြည်၊ ကျိုက်မရောဗဟို အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဧပြီလအတွင်းက ကျိုက်မရောဗဟိုအကျဉ်းထောင်၊ အမျိုးသားအိပ်ဆောင် (၃) မှ နိုင်ငံရေး အကျဉ်းသား ဟိန်းဇော်အောင်၊ ဝေယံလင်းနှင့် ဝင်းမင်းထွန်းတို့ကို အာဏာပိုင်များက နှိပ်စက်ခဲ့ခြင်းဖြစ်သည်ဟု ဇူလိုင်လ ၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ထိုသို့နှိပ်စက်ရခြင်းမှာ လုံခြုံရေးကင်မရာ (CCTV) ဘုရားစင်ဘက်သို့ ခြေထောက်ပေးထားသည်ဟု အကြောင်း ပြကာ တစ်ဦးချင်းတိုက်ပိတ်ခြင်း၊ ရိုက်နှက်ခြင်းနှင့် နေပူထဲတွင် ပုံစံမောင်းစေခြင်းများ ပြုလုပ်ခဲ့ခြင်းဖြစ် ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် တိုက်ပိတ်ခံရသည့် နိုင်ငံရေးအကျဉ်းသားများကို စောင်၊ အခင်းနှင့် အခြေခံအသုံးအဆောင်များ မပေးဘဲ အချိန်အကန့်အသတ်မရှိ ထားရှိထားပြီး ယနေ့အထိ ပုံမှန်အဆောင်သို့ ပြန်လည်ပို့ဆောင်ခြင်း မရှိသေးပေ။

လက်ရှိကျိုက်မရောထောင်၏ အုပ်ချုပ်သူများသည် စစ်တပ်မှ အသွင်ပြောင်းလာသူများ ဖြစ်သဖြင့် နိုင်ငံရေး အကျဉ်းသားများကို ပြစ်မှတ်ထား ညှဉ်းပန်းနေခြင်းဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးက သံလွင်တိုင်းမ်သို့ ပြောသည်။

“အခုထောင်ပိုင်ကြီးက ကျတော့ သူက အသွင်ပြောင်းကြီး၊ စစ်တပ်က ဗိုလ်မှူးဘဝကနေပြီးတော့ ကျိုက်မရော မှာ လာပြီးတော့ ထောင်ပိုင်ကြီး ဖြစ်နေတာပေါ့၊ ဒုထောင်ပိုင်ကလည်း စစ်တပ်ကပဲ၊ ဦးစီးလည်း စစ်တပ်ကပဲ ဆိုတော့ ရှင်းရှင်းပြောရင်တော့ သူတို့အုပ်ချုပ်ထားတဲ့ စစ်တပ်အသွင်ပြောင်းတွေ အုပ်ချုပ်တဲ့အခါကျတော့ တခြားအကျဉ်းသားတွေအပေါ်မှာ အရင်တုန်းက ညှဉ်းပန်းနှိပ်စက်မှု များခဲ့တယ်၊ ဒါပေမယ့် အခုက ပြောင်း ပြန်ဖြစ်သွားပြီ၊ နိုင်ငံရေးအကျဉ်းသားတွေကို ပြစ်မှတ်ထားတယ်။”

ထို့ပြင် အာဏာပိုင်များက မိသားစုဝင်များ ပေးပို့သည့် အစားအသောက်နှင့် ဆေးဝါးများကို ကြားဖြတ်ခိုးယူခြင်း၊ ထောင်ဝင်စာပိတ်ပင်ခြင်းများအထိ အနိုင်ကျင့်လျက်ရှိသည်။

PPNM ၏ ထုတ်ပြန်ချက်အရ အိပ်ဆောင် (၃) သို့ ရောက်ရှိလာသည့် နိုင်ငံရေးအကျဉ်းသားသစ်များကိုလည်း အလုပ်ဘုတ်ကိုင်သူ သူရိန်ပြည့်ဖြိုးဆိုသူက မိလ္လာသန့်ရှင်းရေးလုပ်ငန်းကို အတင်းအကျပ် ဖိအားပေးခိုင်းစေနေ ကြောင်း သိရသည်။

ထောင်အာဏာပိုင်အချို့၏ ခြိမ်းခြောက်မှုများမှာလည်း ဆိုးရွားလျက်ရှိသည်။ ထောင်ပိုင် ချမ်းအေးကျော်က ထောင်ဝန်ထမ်းများကို “ရိုက်သာရိုက်၊ တစ်ခုခုဖြစ်ရင် ငါရှင်းပေးမယ်” ဟု ညွှန်ကြားပြောဆိုခြင်းနှင့် မွန်ပြည် အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးက “အကျဉ်းသားတွေသေရင် စာရွက်တစ်ရွက်ပဲ ကုန်တယ်” ဟု ပြောဆိုခြိမ်းခြောက်မှုများ ရှိနေကြောင်း PPNM က ထုတ်ပြန်ထားသည်။

PPNM အနေဖြင့် ကျိုက်မရော အကျဉ်းထောင်အတွင်း ဖြစ်ပွားနေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆက်လက် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး ကျူးလွန်သူများ တာဝန်ခံမှုရှိစေရေးအတွက် နိုင်ငံတကာ အသိုက်အဝန်းထံ ဆက်လက်တင်ပြသွားမည်ဟု ဆိုသည်။

July 10, 2026
စစ်တပ်မှ အရပ်သားအသွင်ပြောင်း အစိုးရတစ်ရပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည့် အစိုးရလက်ထက်တွင်...
July 9, 2026
နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းသည် လက်ရှိတွင်...
 ဓါတ်ပုံ - MOI
July 8, 2026
နိုင်ငံရေးပါတီများကို ပိုမိုတင်းကျပ်စွာ ထိန်းချုပ်နိုင်ရန်အတွက် ပြည်ထောင်စု...
ဓါတ်ပုံ - CJ
July 7, 2026
မွန်ပြည်၊ မုဒုံမြို့နယ်၊ မြို့မ (၄) အပိုင်၊ ကန်သာယာပန်းခြံ၌ စိုက်ထူထားသည့် ဗိုလ်ချုပ်အောင်ဆန်း...