မြန်မာ့အရေး မတူညီသည့်အစုအဖွဲ့များကို အာဆီယံအထူးကိုယ်စားလှယ် သီးခြားစီတွေ့ဆုံ

မြန်မာ့အရေး မတူညီသည့်အစုအဖွဲ့များကို အာဆီယံအထူးကိုယ်စားလှယ် သီးခြားစီတွေ့ဆုံ

မြန်မာ့အကျပ်အတည်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး ထရီဆာလာဇာရိုက ကနဦးခြေလှမ်းအဖြစ် မတူညီသည့် အစုအဖွဲ့အချို့ကို သီးခြားစီ တွေ့ဆုံဆွေးနွေးလာသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဝန်ကြီး ထရီဆာလာဇာရိုသည် စစ်တပ်ခန့် နိုင်ငံခြားရေးဝန်ကြီးကို ထိုင်းနိုင်ငံတွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့်အတူ တွေ့ဆုံခဲ့သလို၊ စစ်တပ်၏ ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAOs) အချို့ကိုလည်း သီးခြားစီ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တွေ့ဆုံမှု အစည်းအ‌ဝေးများကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်က အိမ်ရှင်အဖြစ် လက်ခံ ကျင်းပပေးခဲ့ခြင်းဖြစ်ကြောင်း ဇူလိုင် ၁၄ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထို့ပြင် အာဆီယံအထူးကိုယ်စားလှယ်သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်လည်း အွန်လိုင်းမှ တစ်ဆင့် တွေ့ဆုံခဲ့ကြောင်း ဝန်ကြီးချုပ်ရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးနေဘုန်းလတ်က အတည်ပြုသည်။

အသေးစိတ် အချက်အလက်များကို သတင်းထုတ်ပြန်သွားမည် ဖြစ်ကြောင်း ဇူလိုင် ၁၅ ရက်နေ့တွင် ၎င်းက ဘီဘီစီမြန်မာပိုင်းသို့ ဖြေကြားထားသည်။

ယခင်က အာဆီယံ အထူးကိုယ်စားလှယ်အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ဒီမိုကရေစီ အင်အားစုများကို တွေ့ဆုံမှု မရှိခဲ့သည့်အပေါ် ဝေဖန်မှုများ ထွက်ပေါ်ခဲ့ပြီးနောက်မှသာ ယခုကဲ့သို့ တွေ့ဆုံလာ ခြင်း ဖြစ်သည်။

ကျောင်းသား ခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ်က အာဆီယံအနေဖြင့် နွေဦးတော်လှန်ရေးတွင် အဓိက ပါဝင်နေသည့် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်း (EROs) များနှင့် NUG တို့ကို တွေ့ဆုံဆွေးနွေးနိုင်မှသာ မြန်မာ့နိုင်ငံရေးအရွေ့ကို ခြေလှမ်းနိုင်မည်ဟု သုံးသပ်သည်။

“မြန်မာပြည်ကို တကယ်ငြိမ်းချမ်းစေချင်ရင် ပိုပြီးထိရောက်တဲ့ နည်းလမ်းတွေကို ဆောင်ရွက်တဲ့ နေရာမှာ လိုအပ်တဲ့ အကြံအဉာဏ်တွေဖြစ်ပါစေ လိုအပ်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေပဲ ဖြစ်ပါစေ မြန်မာ့နွေဦးတော်လှန် ရေးရဲ့ Actor တွေဖြစ်တဲ့ EROs ခေါင်းဆောင်တွေ နောက် NUG အစိုးရတို့ကို တွေ့ဆုံဆွေးနွေးဖို့ လုပ်သင့် တယ်” ဟု ၎င်းက ပြောသည်။

ဇူလိုင် ၁၃ ရက်နေ့တွင် အာဆီယံအထူးကိုယ်စားလှယ်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့သည် တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့အစည်း (EAOs) အချို့၏ အဆင့်မြင့်ကိုယ်စားလှယ်များကို ပတ္တရားမြို့တွင် သီးခြားစီ တံခါးပိတ် တွေ့ဆုံခဲ့ကြသလို၊ စစ်တပ်၏ ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီ (NSPNC) နှင့်လည်း တွေ့ဆုံခဲ့ကြောင်း ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အဆိုပါ တွေ့ဆုံမှုတွင် အပြုသဘောဆောင်သည့် ဆွေးနွေးမှုလုပ်ငန်းစဉ်အပေါ် ပွင့်ပွင့်လင်းလင်း ဖော်ပြခဲ့ကြပြီး သက်ဆိုင်သူ အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်ပေါ်လာရေးအတွက် ရှေ့ဆက်ရမည့် လုပ်ငန်းစဉ် များကို ပြင်ဆင်ရန် ဆွေးနွေးခဲ့ကြသည်။

၎င်းတွေ့ဆုံမှုတွင် မည်သည့် EAO အဖွဲ့များ ပါဝင်သည်ကို တရားဝင်မဖော်ပြထားသော်လည်း နိုင်ငံတကာ သတင်းအချို့တွင် KNU ၊ KNPP နှင့် CNF အပြင် စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် RCSS နှင့် NMSP တို့လည်း ပါဝင်ကြောင်း ဖော်ပြကြသည်။

အဆိုပါ တွေ့ဆုံမှုနှင့် ပတ်သက်ပြီး KNU နှင့် CNF တို့၏ ပြောရေးဆိုခွင့်ရှိသူများကို ဆက်သွယ်ခဲ့သော်လည်း အကြောင်းပြန်ကြားခြင်း မရှိပေ။

တစ်ဖက်တွင်လည်း အာဆီယံအထူးကိုယ်စားလှယ်က ယခုနှစ် စတုတ္ထသုံးလပတ်အတွင်း အကူအညီလိုအပ်နေ သည့် ဒေသများသို့ လူသားချင်းစာနာမှုဆိုင်ရာ မစ်ရှင်တစ်ခုအဖြစ် သွားရောက်ဦးဆောင်ရန် ကတိပြုခဲ့ပြီး သက်ဆိုင်သူအားလုံးက ထောက်ခံခဲ့ကြသည်။

စစ်အုပ်စုသည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေများကိုသာ သွားခွင့်ပြုရန် ကြိုးပမ်းနိုင်သော်လည်း အာဆီယံ အထူးကိုယ်စားလှယ်နှင့် တွေ့ဆုံခဲ့သည့် EAOs များ၏ နယ်မြေများသို့လည်း သွားခွင့်ရနိုင်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်သည်။

“ဒီဟာတွေကို (တိုက်ပွဲဖြစ်ခဲ့တဲ့ မြို့တွေရွာတွေကို) ပြန်ပြီး တည်ဆောက်နေရတယ်ဆိုတဲ့ ပုံစံမျိုးကို ဒေသတွင်း နိုင်ငံတွေကနေတဆင့် နိုင်ငံတကာစာမျက်နှာကို ရောက်သွားအောင်လို့ သူတို့ (စစ်အုပ်စု) ဘက်က အမြတ်ထုတ် ပြီးတော့ သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေတွေလောက်ကိုပဲ လာခွင့်ပြုလောက်တယ်” ဟု ၎င်းက ပြောသည်။

ဇူလိုင် ၁၂ ရက်နေ့ကလည်း ဘန်ကောက်မြို့တွင် စစ်တပ်ခန့် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ပြုလုပ် သည့် အလွတ်သဘော အစည်းအဝေးအတွင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက ဘုံသဘောတူညီချက် ၅ ရပ်ကို ထပ်မံအတည်ပြုခဲ့ပြီး အကောင်အထည်ဖော်ရန် ဆွေးနွေးခဲ့ကြသည်။

အဆိုပါ အလွတ်သဘောအစည်းအဝေးသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများနှင့် စစ်တပ်၏ နိုင်ငံခြားရေးဝန်ကြီးတို့ကြား ပထမဆုံးအကြိမ် လူကိုယ်တိုင် တွေ့ဆုံခြင်း ဖြစ်သည်။

ထိုကဲ့သို့ တွေ့ဆုံမှုများ ပြုလုပ်ခြင်းသည် စစ်အုပ်စုအနေဖြင့် ၎င်းတို့၏ ရာဇဝတ်မှုများကို အရေးယူခံရမှု ကင်းလွတ်စွာ ဆက်လက်ကျူးလွန်နိုင်ရန် အားပေးရာရောက်နိုင်သဖြင့် သတိပြုရန် Justic for Myanmar အဖွဲ့က အာဆီယံနှင့် အဖွဲ့ဝင်အစိုးရများကို သတိပေး နှိုးဆော်ထားသည်။

July 15, 2026
မွန်ပြည်အတွင်းရှိ မြို့နယ်အချို့တွင် စားအုန်းဆီရောင်းချပေးမည်ဟုဆိုကာ အိမ်ထောင်စုစာရင်းများ...
July 11, 2026
မွန်ပြည်၊ ကျိုက်မရောဗဟို အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက...
July 10, 2026
စစ်တပ်မှ အရပ်သားအသွင်ပြောင်း အစိုးရတစ်ရပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည့် အစိုးရလက်ထက်တွင်...
July 9, 2026
နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းသည် လက်ရှိတွင်...