မွန်ပြည်အတွင်းရှိ မြို့နယ်အချို့တွင် စားအုန်းဆီရောင်းချပေးမည်ဟုဆိုကာ အိမ်ထောင်စုစာရင်းများ တောင်းယူ နေခြင်းကြောင့် ဒေသခံပြည်သူများအကြား စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိသည်။
စစ်အုပ်စုသည် အခြေခံပြည်သူများ ပြင်ပဈေးထက် သက်သာသော နှုန်းထားဖြင့် ဝယ်ယူနိုင်ရေး ခေါင်းစဉ်ဖြင့် စားအုန်းဆီများကို ရောင်းချပေးနေရာမှ ယခု ဇူလိုင်လမှစတင်ကာ ဆီဝယ်ယူသူများထံမှ အိမ်ထောင်စုစာရင်း များ တောင်းခံလာခြင်း ဖြစ်သည်။
ယခင်က ရပ်ကွက်များအတွင်း စားအုန်းဆီ လိုက်လံရောင်းချပေးစဉ်က အိမ်ထောင်စုတစ်စုလျှင် တစ်ပိဿာ ရရှိခဲ့သော်လည်း အိမ်ထောင်စုစာရင်း ပေးခဲ့ရခြင်းမရှိကြောင်း၊ လက်ရှိတွင်မူ ဆီဝယ်ယူလိုပါက အိမ်ထောင်စု စာရင်း မိတ္တူ ၃ စောင် ပေးရမည်ဟု သထုံမြို့ခံတစ်ဦးက သံလွင်တိုင်းမ်သို့ ပြောသည်။
အဆိုပါ အိမ်ထောင်စုစာရင်း မိတ္တူများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဆီလာရောက်ရောင်းချပေးသူများက တောင်းယူနေခြင်း ဖြစ်သည်။
ယခုကဲ့သို့ အိမ်ထောင်စုစာရင်း မိတ္တူများ တောင်းခံနေခြင်းကြောင့် အိမ်ရှိ စစ်မှုထမ်းအသက်အရွယ် အကျုံးဝင် သည့် မိသားစုဝင်များအတွက် စိုးရိမ်မှုများ ရှိနေကြသည်။
အဆိုပါ လုပ်ဆောင်ချက်ကြောင့် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်ကာ တန်းစီဝယ်ယူခြင်း မပြုတော့ဘဲ ပြင်ပ ဈေးကွက်တွင်သာ ရှာဖွေဝယ်ယူမှုများ ရှိနေကြောင်း ပေါင်မြို့ခံတစ်ဦးကလည်း သံလွင်တိုင်းမ်သို့ ပြောသည်။
စစ်အုပ်စုက ဖြန့်ဝေရောင်းချပေးသည့် စားအုန်းဆီများကို ငွေကြေးတတ်နိုင်သူများက တန်းစီဝယ်ယူခြင်းမရှိဘဲ သာမန်လက်လုပ်လက်စား မိသားစုများသာ ဝယ်ယူကြခြင်း ဖြစ်သည်။
ရပ်ကွက်များအတွင်း စားအုန်းဆီ ဖြန့်ဝေရာတွင်လည်း တစ်လလျှင် တစ်ကြိမ်သာ လာရောက်ရောင်းချလေ့ရှိပြီး၊ တစ်ကြိမ်လျှင် မိသားစုတစ်စုကို ဆီတစ်ပိဿာသာ ဝယ်ယူခွင့်ပြုသည်။
စစ်အုပ်စုက စားအုန်းဆီကို လုပ်ငန်းရှင်များထံ ဈေးနှုန်းလျှော့ချ ရောင်းချပေးနေသော်လည်း ပြင်ပဈေးဆိုင်များ တွင် ဝယ်ယူပါက တစ်ပိဿာလျှင် အနည်းဆုံး ကျပ် ၁၅,၀၀၀ ခန့် ပေါက်ဈေးရှိနေပြီး၊ ရပ်ကွက်အတွင်း လိုက်လံရောင်းချပေးသည့်ဈေးမှာ တစ်ပိဿာလျှင် ကျပ် ၈,၀၀၀ ကျော်သာ ကျသင့်သည်ဟု ဆိုကြသည်။







