ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုများ ဖယ်ရှားခံနေရမှုအပေါ် ဝေဖန်မှုများမြင့်တက်

ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုများ ဖယ်ရှားခံနေရမှုအပေါ် ဝေဖန်မှုများမြင့်တက်

စစ်တပ်မှ အရပ်သားအသွင်ပြောင်း အစိုးရတစ်ရပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည့် အစိုးရလက်ထက်တွင် မြန်မာ့တပ်မတော်ကို တည်ထောင်ခဲ့သူနှင့် မြန်မာ့လွတ်လပ်ရေးကို ဆောင်ကြဉ်းပေးခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း ၏ ရုပ်ထုများကို တစ်ခုပြီးတစ်ခု ဖယ်ရှားရှင်းလင်းလျက်ရှိသည်။

တပ်ချုပ်ရာထူးကို စွန့်လွှတ်ပြီး ကိုယ်တိုင်ခန့် သမ္မတဖြစ်လာသည့် စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် သည် နိုင်ငံ့အာဏာကို ဆက်လက်ရယူပြီးနောက်ပိုင်း တိုင်းနှင့်ပြည်နယ်အချို့တွင် စိုက်ထူထားသည့် ဗိုလ်ချုပ် အောင်ဆန်းရုပ်ထုများကို ဖယ်ရှားလာခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လနှင့် ယခုလအတွင်း မွန်ပြည်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့အတွင်းရှိ မြို့နယ်များ၌ စိုက်ထူထားသည့် ဗိုလ်ချုပ်ရုပ်ထု ရှစ်ခုထက်မနည်း ဖယ်ရှားခံခဲ့ရသည်။

ထို့ပြင် ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်အတွင်း နေပြည်တော်၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းတို့ရှိ မြို့နယ် အချို့မှ ဗိုလ်ချုပ်ရုပ်ထု လေးခုကိုလည်း စစ်တပ်က ဖယ်ရှားခဲ့သေးသည်။

ဖယ်ရှားခံလိုက်ရသည့် ရုပ်ထုအများစုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် စိုက်ထူခဲ့ခြင်းဖြစ်၍ သမိုင်းကို ဖျောက်ဖျက်ရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဝေဖန်မှုများ ရှိနေသည်။

CDM ဗိုလ်ကြီး ဇင်ယော်က NLD ပါတီနှင့် ထောက်ခံသူများကို ဦးတည်တိုက်ခိုက်ခြင်းဖြစ်သလို ဗေဒင်ယတြာ အရလည်း ဖြစ်နိုင်ကြောင်း သံလွင်တိုင်းမ်သို့ သုံးသပ်ပြောဆိုသည်။

“အခုလောလောဆယ် အနေအထားကတော့ NLD ပါတီ ထောက်ခံသူတွေကိုပဲ ဦးတည်ပြီး တိုက်ခိုက်တဲ့ အနေအထားမျိုး။ ပြီးရင် ပြည်သူတွေ ဘယ်လိုအုံ့ကြွလာမလဲ ဘယ်လိုဖြစ်လာမလဲဆိုတဲ့ အနေအထားမျိုးကို သူတို့တွေ စမ်းသပ်ပြီးတော့ ဖျက်နေတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။ အဓိကတော့ NLD ပါတီရဲ့ လုပ်ဆောင် ချက်တွေကို တမင်သက်သက် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းလည်း ဖြစ်နိုင်တယ်။ သို့တည်းမဟုတ် သူတို့ ဖျက်တဲ့ မြို့တွေရဲ့ အနေအထားကို ကြည့်ပြီး ဗေဒင်ယတြာအရလည်း ဖြစ်နိုင်တယ်လို့တော့ ကျနော်က သုံးသပ်ပါတယ်ဗျ။”

NLD ပါတီ ဗဟိုအလုပ်ကော်မတီကမူ အများပြည်သူပိုင်ပစ္စည်းများကို ဖျက်ဆီးခြင်း၊ နိုင်ငံ၏ အမျိုးသားရေး သွင်ပြင်လက္ခဏာနှင့် မြန်မာ့သမိုင်း၏ သင်္ကေတ အထောက်အထားများကို ဖျက်ဆီးခြင်း၊ ပြည်သူလူထု၏ ယုံကြည်ချက်နှင့် မျှော်လင့်ချက်များကို ရည်ရွယ်ချက်ရှိရှိ ရိုက်ချိုးဖျက်ဆီးခြင်းဖြစ်ကြောင်း ဇူလိုင် ၈ ရက်တွင် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချထားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားမှုနှင့် ပတ်သက်၍ လက်ရှိစစ်အာဏာရှင်သည် ဖခင်ဖြစ်သူ ဗိုလ်ချုပ် အောင်ဆန်းနှင့် ပတ်သက်ပြီး ပုဂ္ဂိုလ်ရေးအရ စိတ်ခြောက်ခြားမှုများ ဖြစ်ပေါ်နေခြင်းကြောင့် ဖယ်ရှားခြင်း ဖြစ်နိုင်ကြောင်း ပြည်သူအချို့က ဝေဖန်ကြသည်။

ပြည်သူတစ်ဦးက “လက်ရှိ အာဏာသိမ်းထားတဲ့ မအလက ဗိုလ်ချုပ်ရုပ်ထုတွေကို ဘာကြောင့်ဖျက်လဲဆိုတော့ အာဏာရှင်တွေရဲ့ သဘောသဘာဝကတော့ သူတို့ကို စိတ်ခြောက်ခြားစေတဲ့ ခေါင်းဆောင်တွေရဲ့ ရုပ်ထုကို မြင် တာနဲ့ သူတို့ဘာသာ သူတို့ ခြောက်ခြားနေတဲ့အခါကျတော့ အရှေ့က အာဏာရှင် ဦးနေဝင်းတို့ ဦးသန်းရွှေတို့ လည်း အဲဒီအတိုင်းပဲ လုပ်ခဲ့တာပဲ။ အခုမအလလည်း စိတ်ခြောက်ခြားနေတာပေါ့၊ သူ့သမီးကိုလည်း (ဒေါ်အောင် ဆန်းစုကြည်) မတရားလုပ်ထားတယ်။ နောက် သူတို့ တပ်မတော်ရဲ့ ဖခင်ကြီး ဖြစ်နေတဲ့ ဗိုလ်ချုပ်ရုပ် ထုတွေကို မြင်တာနဲ့ စိတ်ခြောက်ခြားနေခြင်းက စိတ်ရောဂါအထူးကုနဲ့ ပြမှရမယ့် ပုံစံမျိုး ဖြစ်နေတာပေါ့” ဟု ပြောသည်။

စစ်အာဏာရှင်နှင့် လက်ပါးစေတို့သည် တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် စည်ပင်သာယာရေးဝန်ထမ်းများကို အသုံးပြု ကာ ညအမှောင်ကို အကာအကွယ်ယူ၍ အများပြည်သူပိုင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုများကို နေ့စဉ်ဖြိုချ ဖျက်ဆီးနေခြင်းဖြစ်သည်။

ထိုလုပ်ရပ်တွင် ပါဝင်ပတ်သက်သူများကို ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်လုပ်ဆောင်သွားမည်ဟု NLD ပါတီက အသိပေးထားသည်။

July 11, 2026
မွန်ပြည်၊ ကျိုက်မရောဗဟို အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက...
July 9, 2026
နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းသည် လက်ရှိတွင်...
 ဓါတ်ပုံ - MOI
July 8, 2026
နိုင်ငံရေးပါတီများကို ပိုမိုတင်းကျပ်စွာ ထိန်းချုပ်နိုင်ရန်အတွက် ပြည်ထောင်စု...
ဓါတ်ပုံ - CJ
July 7, 2026
မွန်ပြည်၊ မုဒုံမြို့နယ်၊ မြို့မ (၄) အပိုင်၊ ကန်သာယာပန်းခြံ၌ စိုက်ထူထားသည့် ဗိုလ်ချုပ်အောင်ဆန်း...