လောင်းလုံးမြို့နယ်ပညာရေးမှူး သေနတ်နဲ့ ပစ်ခတ်ခံရ

လောင်းလုံးမြို့နယ်ပညာရေးမှူး သေနတ်နဲ့ ပစ်ခတ်ခံရ

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ပျဉ်စသီမော်ကျေးရွာနဲ့ပြင်ကြီးကျေးရွာအနီးမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်နေ့ ညနေ ၆ နာရီလောက်က စစ်ကောင်စီ မြို့နယ်ပညာရေးမှူး ဦးဇော်ဇော်စိုး သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

လောင်းလုံးကနေ ဆိုင်ကယ်နဲ့လာတဲ့ မြို့နယ်ပညာရေးမှူး ဦးဇော်ဇော်စိုးကို ပျဉ်စသီမော်ကျေးရွာ သချိုင်းအနီးမှာ အမည်မသိ သေနတ်သမား ၂ ဦးက ဆိုင်ကယ်နဲ့လိုက်လာပြီး အနောက်ကနေ သေနတ်နဲ့ ပစ်ခတ်ခဲ့တာပါ။

သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပေမယ့် မြို့နယ်ပညာရေးမှူး ဦးဇော်ဇော်စိုးဟာ မထိဘဲ လွတ်မြောက်သွားခဲ့တယ်လို့ သိရပါတယ်။

မြို့နယ်ပညာရေးမှူး ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ် အင်အား ၄၀ လောက်ဟာ သဗျာကျေးကျေးရွာနဲ့ပျဉ်စသီမော်ကျေးရွာထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာပြီး နိုဝင်ဘာ ၂၃ ရက်နေ့မှာတော့ ချောင်းတောဝကျေးရွာထဲကို ဝင်မွှေခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ချောင်းတောဝရွာကို ဝင်မွှေချိန်မှာ နေအိမ် ၂ လုံးထဲက ရွှေ၊ငွေ၊လက်ဝတ်လက်စားတွေနဲ့ ဖုန်းတွေကိုလည်း ယူဆောင်သွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ မြို့နယ်ပညာရေးမှူးကို မည်သည့်အဖွဲက ပစ်ခတ်ခဲ့လဲဆိုတာ မသိရသေးသလို လောင်းလုံးမြို့နယ် အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ ခုဖြစ်တဲ့ DDT နဲ့ လောင်းလုံး(ပကဖ)ကတော့ သူတို့ ပစ်ခတ်တာ မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။

လောင်းလုံးမြို့နယ် ပညာရေးမှူးဟာ CDM ပညာရေးဝန်ထမ်းတွေကို လုပ်ငန်းခွင် ပြန်ဝင်ဖို့ ဖိအားပေးတာ၊ ဖမ်းဆီးခိုင်းတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိပါဘူး။

July 17, 2026
စစ်တပ်လွှမ်းမိုးမှုနှင့် ဗဟိုချုပ်ကိုင်မှုအားကြီးသည့် အာဏာရှင်စနစ်၊ အရင်းခံ...
July 16, 2026
မြန်မာ့အကျပ်အတည်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်...
July 15, 2026
မွန်ပြည်အတွင်းရှိ မြို့နယ်အချို့တွင် စားအုန်းဆီရောင်းချပေးမည်ဟုဆိုကာ အိမ်ထောင်စုစာရင်းများ...
July 11, 2026
မွန်ပြည်၊ ကျိုက်မရောဗဟို အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက...