အကြမ်းဖက်မှု လျော့ချရုံဖြင့် ရေရှည်ငြိမ်းချမ်းရေး မရနိုင်ဟု SCEF အသိပေး

အကြမ်းဖက်မှု လျော့ချရုံဖြင့် ရေရှည်ငြိမ်းချမ်းရေး မရနိုင်ဟု SCEF အသိပေး

စစ်တပ်လွှမ်းမိုးမှုနှင့် ဗဟိုချုပ်ကိုင်မှုအားကြီးသည့် အာဏာရှင်စနစ်၊ အရင်းခံ နိုင်ငံရေးအကျပ်အတည်းများကို ချန်ထားပြီး အကြမ်းဖက်မှုကို လျော့ချရုံသက်သက် ရည်ရွယ်သည့် တွေ့ဆုံဆွေးနွေးမှုသည် ရေရှည်တည် တံ့သော ငြိမ်းချမ်းရေးကို ဆောင်ကျဉ်းပေးနိုင်မည် မဟုတ်ကြောင်း (SCEF) က အသိပေးထုတ်ပြန်သည်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး၏ ဖိတ် ကြားချက်ဖြင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက အိမ်ရှင်အဖြစ် ကျင်းပခဲ့သည့် တွေ့ဆုံဆွေးနွေးမှုအပေါ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ SCEF က ဇူလိုင်လ ၁၅ ရက်နေ့က ထုတ်ပြန်လာခြင်း ဖြစ်သည်။

အဆိုပါ ဆွေးနွေးမှုတွင် SCEF အဖွဲ့ဝင်များဖြစ်ကြသည့် KIO၊ KNU၊ ကရင်နီပြည်နှင့် CNF တို့ ပါဝင်ခဲ့ကြပြီး စစ်အုပ်စုကိုယ်စားလှယ်များနှင့်အတူ တွေ့ဆုံခဲ့ခြင်းမဟုတ်ဘဲ အာဆီယံနှင့် သီးသန့်သာ ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါ တွေ့ဆုံမှုသည် SCEF နှင့် စစ်အာဏာရှင်များအကြား တရားဝင်နိုင်ငံရေး ဆွေးနွေးပွဲ သို့မဟုတ် စေ့စပ် ညှိနှိုင်းမှု လုပ်ငန်းစဉ် စတင်ခြင်းဟု အဓိပ္ပာယ်မကောက်ယူသင့်ဘဲ ဆွေးနွေးပွဲအတွင်း မိမိတို့၏ အဓိကရပ်တည် ချက်များကိုသာ အတည်ပြုခဲ့ကြခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် တရားဝင် နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုများ စတင်နိုင်သည့် အဆင့်သို့ မရောက်သေးကြောင်း ဆိုသည်။

SCEF ၏ နိုင်ငံခြားရေးရာလုပ်ငန်းအဖွဲ့ ကောင်စီဝင် နဲနယ်ပလိုးက “တွေ့ဆုံဆွေးနွေးရေးလို့သာ ပြောတာ စစ် အုပ်စုက သက်ဆိုင်တဲ့အဖွဲ့တွေအားလုံးကို ခေါ်တာမဟုတ်ဘူး။ ခွဲပြီးကမ်းလှမ်းတာ။ ဆိုတော့ ဒီလိုအခင်း အကျင်းမှာဆိုရင် အဓိပ္ပာယ်ရှိတဲ့ တွေ့ဆုံဆွေးနွေးရေးက ဖြစ်လာနိုင်မှာမဟုတ်ဘူး။ စစ်အုပ်စုဖက်မှာ ဆန္ဒတွေ က ရှိမနေတာ။ တိုင်းပြည်ရဲ့ပြဿနာကို တကယ်ဖြေရှင်းလိုတဲ့ စိတ်မရှိဘူး၊ အစီအစဉ်မရှိဘူး” ဟု ပြောသည်။

စစ်အုပ်စုသည် တွေ့ဆုံဆွေးနွေးရန် ပြောဆိုနေသော်လည်း တစ်ဖက်တွင် အရပ်သားပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်နေပြီး စစ်မှုထမ်းဥပဒေကိုလည်း ဆက်လက်အကောင်အထည်ဖော်နေဆဲ ဖြစ်သည်။

ထို့ပြင် အာဆီယံအပါအဝင် နိုင်ငံတကာက တောင်းဆိုထားသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပေးရန်၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန်နှင့် လူသားချင်းစာနာမှုအကူအညီများကို အဟန့်အတားမရှိ ပေးခွင့်ပြုရန် စသည်တို့ကိုလည်း လိုက်လျောခြင်း မရှိခဲ့ပေ။

SCEF အနေဖြင့် ရည်မှန်းချက်မပါသည့် တွေ့ဆုံဆွေးနွေးမှုသက်သက်ကို အယုံအကြည်မရှိဘဲ၊ ပကတိအရှိ တရားအရ တိုင်းပြည်၏ နေရာအများအပြားတွင် အုပ်ချုပ်ရေးကို ပြည်နယ်/ယူနစ်အခြေခံဖြင့် ပြည်သူ့လုံခြုံ ရေး၊ တရားစီရင်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှုများကို ဆောင်ရွက်နေပြီဖြစ်ရာ နိုင်ငံရေးအခင်းအကျင်းသည် အခြေခံကစ၍ ပြောင်းလဲသွားပြီဖြစ်ကြောင်း ထောက်ပြထားသည်။

စစ်ရေးအကဲခတ်များကမူ ၁၀၂၇ စစ်ဆင်ရေးအလွန်တွင် တရုတ်အစိုးရ၏ ဝင်ရောက်စွက်ဖက်မှုနှင့် စစ်တပ်ကို ကျားကန်ပေးမှုများကြောင့် စစ်အုပ်စုမှာ နာလန်ထူလာနိုင်သည့် အနေအထားရှိကြောင်း သုံးသပ်ကြသည်။

“စစ်တပ်ကတော့ နိုင်ငံ့ဘဏ္ဍာကို သူတို့ စစ်အသုံးစရိတ်အဖြစ် စိတ်ကြိုက်သုံးနိုင်တယ်။ ပြီးရင် တော်လှန်ရေး တပ်တွေမှာကျတော့ ဘဏ္ဍာရေးက ရှာရဖွေရတာပေါ့။ ပြည်သူတွေဆီကတဆင့် အားကိုးနေရတာ ဖြစ်တဲ့ အတွက် ကန့်ကွက်မှုတွေ ရှိတယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်သည် မြန်မာနိုင်ငံသားများ ကိုယ်တိုင်ပိုင်ဆိုင်ပြီး ဦးဆောင်သည့် လုပ်ငန်းစဉ် အဖြစ် ပေါ်ထွက်လာရမည်ဖြစ်ကာ၊ စစ်တပ်အာဏာလွှမ်းမိုးမှုကို အဆုံးသတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည် ထောင်စု တည်ဆောက်နိုင်မည့် နိုင်ငံရေးအသွင်ကူးပြောင်းရေးအတွက် နိုင်ငံတကာမိတ်ဖက်များနှင့် ဆက်လက် ပူးပေါင်းသွားမည်ဖြစ်ကြောင်း SCEF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တစ်ဖက်တွင်လည်း SCEF အဖွဲ့ဝင် NUG ၏ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် အာဆီယံ အထူးကိုယ်စား လှယ်တို့ ဇူလိုင် ၁၃ ရက်နေ့က တွေ့ဆုံခဲ့ကြပြီး တော်လှန်ရေးအဖွဲ့အစည်းများနှင့် မဟာမိတ်အင်အားစုများ စုပေါင်းကာ တစ်စုတစ်စည်းတည်း တွေ့ဆုံဆွေးနွေးနိုင်ခြင်းက အားလုံးပါဝင်သည့် နိုင်ငံရေးဖြေရှင်းမှုကို အထောက်အကူပြုမည်ဖြစ်ကြောင်း NUG က သတင်းထုတ်ပြန်ထားသည်။

July 16, 2026
မြန်မာ့အကျပ်အတည်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်...
July 15, 2026
မွန်ပြည်အတွင်းရှိ မြို့နယ်အချို့တွင် စားအုန်းဆီရောင်းချပေးမည်ဟုဆိုကာ အိမ်ထောင်စုစာရင်းများ...
July 11, 2026
မွန်ပြည်၊ ကျိုက်မရောဗဟို အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက...
July 10, 2026
စစ်တပ်မှ အရပ်သားအသွင်ပြောင်း အစိုးရတစ်ရပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည့် အစိုးရလက်ထက်တွင်...