Kaung For You Education နှင့်ပတ်သက်၍ ခြိမ်းခြောက်ငွေညစ်မှုများ အရေးယူနိုင်ရန် NUG ဆောင်ရွက် မည်

Kaung For You Education နှင့်ပတ်သက်၍ ခြိမ်းခြောက်ငွေညစ်မှုများ အရေးယူနိုင်ရန် NUG ဆောင်ရွက် မည်

Kaung For You Education ၏ အချက်အလက်ပေါက်ကြားမှုကြောင့် ဖြစ်ပေါ်လာသည့် ခြိမ်းခြောက်၍ ငွေညစ်တောင်းခံနေရမှုများကို အရေးယူနိုင်ရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ပညာရေးဝန်ကြီးဌာနက ဇူလိုင်လ ၁၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ပြည်သူများအနေဖြင့် တိုင်ကြားနိုင်ရန် (Complaint Mechanism) Hotline Channel များတည်ထောင် ပြီး အရေးယူနိုင်ရန်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း NUG ကဆိုသည်။

Kaung for You Education ကျောင်းတည်ထောင်သူ ဦးကောင်းသိုက်စိုးဖမ်းဆီးခံခဲ့ရပြီးနောက်ပိုင်းတွင် ၎င်းတို့ကျောင်းမှ ကျောင်းသားကျောင်းသူနှင့်ဆရာဆရာမ စုစုပေါင်း ၂၀ နီးပါးကို စစ်ကောင်စီကဖမ်းဆီး ခဲ့ခြင်းဖြစ်သည်။

ဦးကောင်းသိုက်စိုးကို စစ်ကောင်စီက ဇူလိုင်လ ၁၆ ရက်တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့၌ ဖမ်းဆီးခဲ့ကြောင်း၊ ၎င်းကို ပြည့်တန်ဆာအခန်းတစ်ခုတွင် CDM ဆရာနှစ်ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ထိုသို့ထုတ်ပြန်ခဲ့မှုအပေါ်တွင် ဆရာနောင်ချိုက “ဘယ်လိုမြင်လည်းဆိုတော့ ဒါသည်လုပ်ဇာတ်လို့ပဲ မြင်ပါ တယ်။ နောက်တစ်ခုက ပြည်သူပညာရေးကျောင်းတွေကိုတည်ထောင်နေတဲ့ ဆရာတွေက အလှူငွေတွေ နဲ့ ဒီလိုလုပ်နေတယ်ဆိုပြီး ပုံဖျက်ပြီး ဂုဏ်သိက္ခာချဖို့အတွက် လုပ်တယ်လို့ ယူဆပါတယ်” ဟုဆိုသည်။

စစ်ကောင်စီအနေဖြင့် ဒီမိုကရေစီအရေးလှုပ်ရှားသူများကို ဖမ်းဆီးရမိသည့်အခါများတွင် လူ့ဂုဏ်သိက္ခာ ကို ကျဆင်းစေမည့် စကားလုံးများ၊ ဖြစ်ရပ်များဖြင့် ဖော်ပြလေ့ရှိသည်ကိုတွေ့ရသည်။

ဇူလိုင်လ ၁၇ ရက်တွင်ပြုလုပ်သည့် ပြည်သူလူထုနှင့် NUG တို့တွေ့ဆုံပွဲတွင် NUG ပညာရေး၊ ကျန်းမာရေးဝန်ကြီးဌာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက "Kaung For You နဲ့ ပတ်သက်ပြီး လောလောဆယ်ဖြစ်ပျက်နေတာကလည်း တကယ်တော့ Right to Education ကို ချိုးဖောက်နေခြင်း ဖြစ်ပါတယ်။ အမျိုးမျိုး ပုံဖျက်နေခြင်းပဲ ဖြစ်ပါတယ်” ဟု မှတ်ချက်ပြုပြောကြားခဲ့သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းမှစပြီး Kaung For You Education ကျောင်းတွင် ကျောင်းအပ်နှံရန် တောင်းခံထားသော ကျောင်းသားကျောင်းသူများနှင့် သင်ကြားပေးနေသော ဆရာဆရာမများ၊ သင်ကြား ရန် လျှောက်ထားသော ဆရာဆရာမများ၏ အချက်အလက်များပေါက်ကြားခဲ့ခြင်းဖြစ်ပြီး ထိုဖြစ်စဉ်ကို NUG ပညာရေးဝန်ကြီးဌာနက Kaung For You ကျောင်းတာဝန်ရှိသူများအား ခေါ်ယူဆွေးနွေးရုံဖြင့် မလုံ လောက်သည့်အတွက် ကျောင်းတာဝန်ရှိသူများကိုစစ်ဆေးရန်အတွက် စုံစမ်းစစ်ဆေးရေးအတွက် ကော် မရှင်တစ်ရပ်ကို ဇွန်လ၂၂ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်ဟုဆိုသည်။

ကျောင်းသားကျောင်းသူများကို ပညာသင်ကြားပေးနေသော ဆရာဆရာမများအား မတရားဖမ်းဆီးခြင်း သည် ပညာသင်ယူခွင့်ဆုံးရှုံးနေသောကလေးသူငယ်များ စဉ်ဆက်မပြတ် ပညာသင်ယူခွင့်ရရှိစေရန် အတွက် ကြားကာလပညာရေးဖော်ဆောင်နေသော ကျောင်းများကို ဖျက်ဆီးရန်ရည်ရွယ်ချက်ဖြင့် လုပ် ဆောင်နေခြင်းဖြစ်သလို “လူ့အခွင့်အရေးကြေညာချက်စာတမ်း” အပိုဒ် (၂၆) ကမ္ဘာ့ကလေးသူငယ် အခွင့် အရေးဆိုင်ရာသဘောတူစာချုပ် အပိုဒ် (၃၊ ၂၈)နှင့် ပြည်တွင်းဥပဒေဖြစ်သည့် ၂၀၁၉ ခုနှစ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များကို စစ်ကောင်စီက ပြောင်ပြောင်တင်းတင်း ကျူးလွန်နေ ခြင်းဖြစ်သည်။

အလားတူဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပေါ်စေရန်အတွက်လည်း လမ်းညွှန်အကြံပြုချက်များ၊ ပံ့ပိုးကူညီမှုများ နှင့်အတူ ပညာရေးလုပ်ငန်းများအား ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း NUG ပညာရေးဝန်ကြီး ဌာနက ဆိုထားသည်။

ဖြစ်ပွားလျက်ရှိနေသည့် ဖမ်းဆီးမှုများနှင့်ပတ်သက်ပြီး ပြည်သူများတိုင်ကြားနိုင်ရန် (Complaint Mechanism) Hotline channel များကို ဆောင်ရွက်အသိပေးသွားမည်ဖြစ်ပြီး ဆရာ၊ ဆရာမများ၊ မိဘ များနှင့် ကလေးများအတွက် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှုအစီအစဉ်များကိုလည်း (Counseling Service) လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

July 16, 2026
အရပ်သားတစ်ပိုင်း စစ်အုပ်ချုပ်ရေး၏ အရေးပေါ်ကာလသက်တမ်းအား စစ်အုပ်စုက ထပ်မံတိုးမြှင့်လိုက်ခြင်း သည်...
July 16, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် လတ်တလော စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူလေးဦးကို...
July 15, 2026
အိန္ဒိယနိုင်ငံရောက် မြန်မာဒုက္ခသည်များ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) မရှိဘဲ တက္ကသိုလ်တက်ခွင့်...
July 15, 2026
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသရှိ စစ်ဘေးရှောင်ပြည်သူ ၁,၀၀၀ ခန့်သည် စစ်ဘေးတိမ်း...