အရပ်သားတစ်ပိုင်း စစ်အုပ်ချုပ်ရေး၏ အရေးပေါ်ကာလသက်တမ်းအား စစ်အုပ်စုက ထပ်မံတိုးမြှင့်လိုက်ခြင်း သည် ချင်းပြည်အတွက် မည်သည့်ထူးခြားမှုမျှ ရှိလာမည်မဟုတ်ကြောင်း ချင်းတော်လှန်ရေး ခေါင်းဆောင်များ က သုံးသပ်ပြောဆိုသည်။
စစ်အုပ်စုသည် ၎င်းတို့လက်လွှတ် ဆုံးရှုံးခဲ့ရသည့် မြို့နယ်များကို စစ်အုပ်ချုပ်ရေး (Martial Law) အမိန့် ထုတ်ပြန်ကြေညာခဲ့ရာ ၂၀၂၆ ခုနှစ် ဧပြီလ ၂၃ ရက်နေ့တွင် မြို့နယ်ပေါင်း ၆၀ ကို ရက်ပေါင်း ၉၀ သက်တမ်း ထပ်မံတိုးမြှင့်ခဲ့သည်။ ထိုသက်တမ်းမှာ လာမည့် ဇူလိုင်လ ၂၁ ရက်နေ့တွင် ပြည့်မြောက်မည်ဖြစ်သည်။
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်ကိုယ်စား ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေ ချုပ် ဒေါက်တာထိန်လင်းဦးက အရေးပေါ် အခြေအနေသက်တမ်းကို ရက်ပေါင်း ၉၀ ထပ်မံတိုးမြှင့်ပေးရန် ဇူလိုင်လ ၁၄ ရက်နေ့ လွှတ်တော်အစည်းအဝေးတွင် တင်ပြခဲ့သည်။
၎င်းတို့က အုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေး မူလအတိုင်း ပြန်လည်ကောင်းမွန်လာစေရန် သက်တမ်းတိုးမြှင့် ရခြင်းဖြစ်ကြောင်း အကြောင်းပြထားပြီး၊ ထိုသို့ တင်ပြလာမှုအပေါ် ချင်းတော်လှန်ရေး ခေါင်းဆောင်များက တုံ့ပြန်ပြောဆိုခြင်း ဖြစ်သည်။
ချင်းပြည်ရှိ မြို့နယ် ၉ မြို့နယ်အနက် မူလက ၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာခဲ့သော်လည်း၊ ယခုအခါ ၎င်းတို့ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်ဟုဆိုသော ဖလမ်းနှင့် တွန်းဇံမြို့နယ်တို့ကို ချန်လှပ်ကာ မင်းတပ်၊ ကန်ပက် လက်၊ မတူပီ၊ ပလက်ဝနှင့် ထန်တလန် စသည့် ၅ မြို့နယ်ကို စစ်အုပ်ချုပ်ရေးအမိန့်အောက်တွင် ဆက်လက်ထည့် သွင်းရန် ပြင်ဆင်ထားသည်။
ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော် (CPU/CPA) ဥက္ကဋ္ဌ ဆလိုင်းထန်ချွန်းဖေက “စစ်အုပ်ချုပ်ရေး ထည့်ခြင်း၊ မထည့်ခြင်းအပေါ်မှာ တော်လှန်တာမဟုတ်ပါဘူး။ မတရားမှုရှိနေသရွေ့ တော်လှန်မှုကတော့ ရှိနေ မှာပဲ။ ကျနော်တို့ လိုချင်တဲ့ တရားမျှတမှုမရမချင်း ဆက်ပြီးတော်လှန်နေမယ်။ ကြေညာခြင်း၊ မကြေညာခြင်း ကြောင့် ထူးလာမယ်မထင်ပါဘူး။ သူတို့ကတော့ လုပ်နေကျအတိုင်း လုပ်နေတာပါ” ဟု ပြောသည်။
၎င်းက ဆက်လက်၍ စစ်အုပ်စုတပ်များ ထိန်းချုပ်ထားသည့် နယ်မြေများတွင် ခိုးမှု၊ ဓားပြမှု၊ လုယက်မှု၊ မူးယစ် ဆေးဝါးနှင့် လောင်းကစားမှုများ ပိုမိုကြီးထွားလာနေပြီး၊ စစ်အုပ်စုဘက်က ရာဇဝတ်မှုကျူးလွန်သူများနှင့် ပူးပေါင်းဆောင်ရွက်နေသည်ကို ပြည်သူများအနေဖြင့် ရှင်းရှင်းလင်းလင်း သိမြင်ထားရန်လိုအပ်ကြောင်း ဆိုသည်။
စစ်အုပ်စုက စစ်ရေးလှုပ်ရှားမှုများကို အမြဲတစေ လုပ်ဆောင်နေခြင်းကြောင့် စစ်အုပ်ချုပ်ရေး ထပ်မံကြေညာ သော်လည်း ထူးခြားသည့် ပြောင်းလဲမှု ရှိလာမည်မဟုတ်ကြောင်း ဆလိုင်းထန်ချွန်းဖေက သုံးသပ်သည်။
ထို့ပြင် စစ်ရေးအရ ပိုမိုတိုးမြှင့်လာနိုင်ခြေ ရှိ၊ မရှိ မသေချာသော်လည်း မိမိတို့ တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် သတ်မှတ်ထားသည့် ရည်မှန်းချက်အတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြောသည်။
အလားတူ အခြားချင်းတော်လှန်ရေးတပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးကလည်း ချင်းပြည်အတွင်း လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများနှင့် နယ်မြေထိုးစစ်ဆင်မှုများမှာ ပုံမှန်အတိုင်း ဆက်ရှိနေဦးမည်ဖြစ်၍ ထူးခြားသော ပြောင်းလဲမှု ရှိလာမည်မဟုတ်ကြောင်း သုံးသပ်သည်။
အခြားချင်းတော်လှန်ရေးတပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးက “အခု ချင်းပြည်နယ်မှာ နေ့တိုင်းနီးပါး ဗုံးကြဲတာရှိ တယ်။ မြေပြင်တိုက်ပွဲတွေလည်းရှိတယ်။ သူတို့ (စစ်အုပ်စု) လက်အောက်မှာမရှိတဲ့ မြို့နယ်တွေကိုတော့ သူတို့ဒီလိုပဲ ဆက်လုပ်နေဦးမှာပဲ” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ချင်းပြည် မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်များ၌ နေ့စဉ်နီးပါး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံ နေရပြီး မြေပြင်ထိုးစစ်များလည်း ရှိနေသည့်အပြင် ထန်တလန်မြို့နယ်အတွင်း၌လည်း တိုက်ပွဲများ ဆက်လက် ပြင်းထန်နေသည်။
ထို့ပြင် မြေပြင်တိုက်ပွဲများ မရှိသော်လည်း တော်လှန်ရေးအင်အားစုများဘက်က သိမ်းပိုက်ထားသည့် မတူပီ၊ ပလက်ဝမြို့နယ်များနှင့် စစ်အုပ်စုအနေဖြင့် ကောင်းမွန်စွာထိန်းချုပ်နိုင်ခြင်းမရှိသည့် ဟားခါးမြို့နယ်အတွင်း၌ လည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည်။
စစ်အုပ်စုက စစ်အုပ်ချုပ်ရေးသက်တမ်းတိုးရန် တင်ပြထားသည့် မြို့နယ် ၅၈ မြို့နယ်မှာ ကချင်ပြည်မှ ၅ မြို့နယ်၊ ကရင်နီပြည်မှ ၃ မြို့နယ်၊ ကရင်ပြည်မှ ၂ မြို့နယ်၊ ချင်းပြည်မှ ၅ မြို့နယ်၊ ရခိုင်ပြည်မှ ၁၄ မြို့နယ်၊ ရှမ်းပြည်မှ ၁၅ မြို့နယ်၊ စစ်ကိုင်းတိုင်းမှ ၈ မြို့နယ်၊ မကွေးတိုင်းမှ ၅ မြို့နယ်နှင့် မန္တလေးတိုင်းမှ ၁ မြို့နယ်တို့ ဖြစ်သည်။
အဆိုပါ စစ်အုပ်ချုပ်ရေး သက်တမ်းတိုးမြှင့်မည့် အဆိုကို ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များအနေဖြင့် ယနေ့ (ဇူလိုင် ၁၆ ရက်) နောက်ဆုံးထားပြီး အမည်စာရင်းပေးသွင်းရန် ကြေညာထားကာ၊ လွှတ်တော် အစည်းအဝေးကိုမူ ဇူလိုင်လ ၂၁ ရက်နေ့တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်သည်။







