ပတ်စ်ပို့မရှိသည့် မြန်မာဒုက္ခသည်များ ဒေလီတက္ကသိုလ်တက်ခွင့်ရရေး တရားရုံးချုပ် ကြားနာမည်

ပတ်စ်ပို့မရှိသည့် မြန်မာဒုက္ခသည်များ ဒေလီတက္ကသိုလ်တက်ခွင့်ရရေး တရားရုံးချုပ် ကြားနာမည်

အိန္ဒိယနိုင်ငံရောက် မြန်မာဒုက္ခသည်များ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) မရှိဘဲ တက္ကသိုလ်တက်ခွင့် ရရှိရေး အတွက် ဒေလီတရားရုံးချုပ်က ဆက်လက်ကြားနာစစ်ဆေးသွားမည် ဖြစ်ကြောင်း ဥပဒေအသိုင်းအဝိုင်းက ပြောသည်။

နယူးဒေလီမြို့ရှိ ဒေလီတက္ကသိုလ်သို့ နိုင်ငံခြားသားကျောင်းသားများ ဝင်ခွင့်လျှောက်ထားရာတွင် တရားဝင် နိုင်ငံကူးလက်မှတ် မဖြစ်မနေ တင်ပြရမည်ဟူသော သတ်မှတ်ချက်အပေါ် မြန်မာဒုက္ခသည်တစ်ဦးဖြစ်သူ မောင်ဟင်နရီထူးအောင်လင်းနှင့် ၎င်း၏ ရှေ့နေများက မတရားသဖြင့် ခွဲခြားဆက်ဆံခံရမှုအဖြစ် တရားရုံးတွင် စောဒကတက် လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

နယူးဒေလီမြို့ရှိ မြန်မာဒုက္ခသည်တစ်ဦးက “ဘယ်လိုဆက်ဖြစ်မလဲတော့ မပြောတတ်သေးဘူး။ နောက်ဆုံး သိရ သလောက်တော့ တရားရုံးက ပြည်ထဲရေး ဝန်ကြီးဌာနနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကို အခုလျှောက်ထားသူဟာ UNHCR ရဲ့ ဒုက္ခသည် သို့မဟုတ် ခိုလှုံခွင့် တောင်းခံသူ ဟုတ်၊ မဟုတ်နဲ့ ပတ်စ်ပို့မရှိဘဲ တက္ကသိုလ်ဝင်ခွင့် ပေးနိုင် ခြင်း ရှိ၊ မရှိ မေးမြန်းထားတယ်။ အဲဒီ ရှင်းလင်းချက်ရမှ ဆက်ပြီးကြားနာဆုံးဖြတ်မယ့်သဘော ရှိပါတယ်” ဟု ပြောသည်။

အထင်ကရ ဒေလီတက္ကသိုလ်သည် ဝင်ခွင့်စည်းကမ်း တင်းကျပ်လေ့ရှိသော်လည်း၊ ယခင်က မြန်မာဒုက္ခသည် အချို့ကို နိုင်ငံကူးလက်မှတ်မပါဘဲ ကျောင်းတက်ခွင့်ပြုခဲ့ဖူးသည့် သာဓကများ ရှိခဲ့ကြောင်း ၎င်းက ဆက် ပြောသည်။

ကျောင်းဝင်ခွင့် လျှောက်ထားသူ မောင်ဟင်နရီထူးအောင်လင်းသည် ၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံမှ ထွက်ပြေး တိမ်းရှောင်လာသူဖြစ်ပြီး၊ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် ၁၀ တန်းနှင့် မေဂါလာယပြည်နယ်တွင် ၁၂ တန်းကို သိပ္ပံဘာသာရပ်ဖြင့် အောင်မြင်ထားသူ ဖြစ်သည်။ လက်ရှိတွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ရုံး (UNHCR) ၏ စောင့်ရှောက်မှုအောက်တွင် နေထိုင်နေခြင်း ဖြစ်သည်။

၎င်း၏ ရှေ့နေများက ဒုက္ခသည်များအား ဥပဒေရေးရာနှင့် လူသားချင်းစာနာမှုဆိုင်ရာ အဆင့်အတန်းရှိပါလျက် သာမန်နိုင်ငံခြားသားများနှင့် တန်းတူဆက်ဆံခြင်းသည် အိန္ဒိယဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၄ နှင့် ၂၁ တို့ကို ချိုးဖောက်ရာရောက်ကြောင်း ဇူလိုင်လ ၁၀ ရက်နေ့က တရားရုံးတွင် တင်ပြခဲ့ကြသည်။

ကြားနာစစ်ဆေးစဉ်အတွင်း တရားသူကြီးက တက္ကသိုလ်ဘက်မှ ရှေ့နေအား “ဒုက္ခသည်တစ်ဦးဆီကနေ နိုင်ငံကူး လက်မှတ်ကို ခင်ဗျားတို့ ဘယ်လိုမျိုး မျှော်လင့်နိုင်မှာလဲ” ဟု မေးမြန်းခဲ့ပြီး တက္ကသိုလ်၏ တုံ့ပြန်ချက်ကို တောင်းခံခဲ့သည်။

တရားရုံးက ပြည်ထဲရေးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနများထံမှ ဒုက္ခသည်အဆင့်အတန်း သတ်မှတ်ချက်နှင့် တက္ကသိုလ်ဝင်ခွင့်ဆိုင်ရာ ရှင်းလင်းချက်များကို တောင်းခံထားပြီးနောက် လာမည့် ဇူလိုင်လ ၂၀ ရက်နေ့တွင် ထပ်မံ ကြားနာစစ်ဆေးသွားရန် ချိန်းဆိုထားသည်။

အိန္ဒိယနိုင်ငံတွင် ဒုက္ခသည်ကတ်ဖြင့် ကျောင်းတက်ဘွဲ့ရခဲ့သည့် မြန်မာဒုက္ခသည်တစ်ဦး၏ ပြောပြချက်အရ ဒေလီတက္ကသိုလ်သည် အိန္ဒိယနိုင်ငံသားများပင် ဝင်ခွင့်ရရန် အလွန်ခက်ခဲသော ကျောင်းကြီးဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ချင်းကျောင်းသားများသမဂ္ဂ (CSU) အနေဖြင့်လည်း မြန်မာနိုင်ငံသားများ အိန္ဒိယတက္ကသိုလ်၊ ကောလိပ်များတွင် ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းဝင်ခွင့်များ ကူညီပေးနေပြီး တက္ကသိုလ်အချို့နှင့် နားလည်မှုစာချုပ် (MoU) ချုပ်ဆိုထားသည်။

အိန္ဒိယနိုင်ငံသည် ၁၉၅၁ ခုနှစ် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ ကွန်ဗင်းရှင်းနှင့် ၁၉၆၇ နောက်ဆက်တွဲ ပရိုတို ကောတို့တွင် လက်မှတ်ရေးထိုးထားခြင်း မရှိသလို၊ ဒုက္ခသည်များအတွက် သီးခြားအမျိုးသားဥပဒေ ပြဋ္ဌာန်းထား ခြင်းလည်း မရှိပေ။

ထို့ကြောင့် နိုင်ငံတွင်း ဝင်ရောက်လာသူများကို ၁၉၄၆ ခုနှစ် နိုင်ငံခြားသားများဆိုင်ရာ အက်ဥပဒေအောက်တွင် သာ အထွေထွေနိုင်ငံခြားသားများအဖြစ် ကိုင်တွယ်လေ့ရှိသည်။

ထို့ပြင် တိဗက်နှင့် သီရိလင်္ကာဒုက္ခသည်များကိုမူ အိန္ဒိယအစိုးရက တိုက်ရိုက်အသိအမှတ်ပြု စောင့်ရှောက် သော် လည်း မြန်မာ၊ အာဖဂန်နစ္စတန်၊ ဆိုမာလီနှင့် အီရန် စသည့်နိုင်ငံများမှ ခိုလှုံလာသူများကိုမူ UNHCR မှတစ်ဆင့် စိစစ်ပြီးမှသာ ဒုက္ခသည်အဆင့်အတန်း ထုတ်ပေးသည့် စနစ်ကို ကျင့်သုံးလျက်ရှိသည်။

July 15, 2026
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသရှိ စစ်ဘေးရှောင်ပြည်သူ ၁,၀၀၀ ခန့်သည် စစ်ဘေးတိမ်း...
July 14, 2026
အိန္ဒိယနိုင်ငံ၊ အရူနာချာပရာဒေ့ရှ်ပြည်နယ် နန်ပေါင်မြို့နှင့် မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း...
July 14, 2026
မကွေးတိုင်း၊ မင်းဘူး (စကု) မြို့နယ်တွင် စစ်တပ်က စစ်ကြောင်း သုံးကြောင်းဖြင့် စစ်ကြောင်းထိုးလျက်...
July 13, 2026
စစ်ကိုင်းတိုင်း၊ မုံရွာ-ယာကြီး-ကလေး လမ်းပိုင်းကို ထိန်းချုပ်နိုင်ရေးအတွက် ကနီမြို့နယ်အတွင်းသို့...