တောင်တွင်းဒေသ စစ်ရှောင် ၁,၀၀၀ ခန့် စားဝတ်နေရေး ခက်ခဲနေ

တောင်တွင်းဒေသ စစ်ရှောင် ၁,၀၀၀ ခန့် စားဝတ်နေရေး ခက်ခဲနေ

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသရှိ စစ်ဘေးရှောင်ပြည်သူ ၁,၀၀၀ ခန့်သည် စစ်ဘေးတိမ်း ရှောင်ရသည့် ကာလကြာမြင့်လာသည်နှင့်အမျှ စားသောက်ရေးနှင့် နေထိုင်ရေးအတွက် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။

မုံရွာ-ယာကြီး-ကလေး လမ်းပိုင်းကို ထိန်းချုပ်နိုင်ရေးအတွက် စစ်တပ်က ဇွန်လ ၂၃ ရက်နေ့မှ စတင်ကာ စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ဒေသခံများ စစ်ဘေးတိမ်းရှောင်နေရခြင်း ဖြစ်ပြီး၊ လက်ရှိတွင် စစ်ရှောင်ကာလမှာ ရက်ပေါင်း ၂၀ ကျော်အထိ ရှိလာပြီ ဖြစ်သည်။

တောင်တွင်းဒေသခံ အမျိုးသားတစ်ဦးက “စစ်ရှောင်ရတာ ရက်ရှည်လာတော့ စားသောက်ရေးတွေ အခက်ကြုံ ရတယ်။ မိုးတွင်းလည်း ရောက်နေတော့ အမိုးအကာအတွက် မိုးကာတွေ လိုအပ်ပါတယ်။ ကလေးငယ်တွေဆို သွေးလွန်တုပ်ကွေးတွေ ဖြစ်မှာ စိုးရိမ်ရတယ်။ ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း မရှိဖြစ်နေတယ်” ဟု မဇ္ဈိမကို ပြောသည်။

စစ်တပ်သည် မုံရွာ-ယာကြီး-ကလေးလမ်းပိုင်းကို ထိန်းချုပ်ရန်အတွက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (န.မ.ခ) မှ စစ်အင်အား အများအပြားဖြင့် ယင်းမာပင်နှင့် ကနီမြို့နယ်များကို ဖြတ်သန်းကာ မင်းကင်းဒေသသို့ ဆက်လက် စစ်ကြောင်းထိုးခဲ့ခြင်း ဖြစ်သည်။

အဆိုပါစစ်ကြောင်းသည် မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသရှိ ထုံးကြီး၊ လက်ပံတော၊ ကျောက်မော်၊ ကုန်းမော် နှင့် ဆိပ်သာကျေးရွာများရှိ နေအိမ်အရေအတွက် ၁၅၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင်၊ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးကိုလည်း ဦးခေါင်းဖြတ် သတ်ဖြတ်ခဲ့သည်။

ဒေသခံ CDM ဆရာမတစ်ဦးက “ကိုယ့်ရွာကိုယ် အရဲစွန့်ပြီး ပြန်ကြည့်တော့ ဘုန်းကြီးကျောင်းပဲ ကျန်တယ်။ စာသင်ကျောင်းကအစ မီးလောင်ပြာကျနေတာပါ။ ပြန်စရာအိမ်လည်း မရှိတော့ဘူး။ ပြန်နေဖို့အတွက်လည်း ပျူစောထီးတွေရန်ကို ကြောက်နေရသေးတယ်” ဟု ပြောသည်။

အဆိုပါတပ် စစ်ကြောင်းနှင့် ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲ ကိုးကြိမ်အထိ ဖြစ်ပွားခဲ့ပြီး၊ စစ်တပ်ဘက်မှ အရာရှိအဆင့်အပါအဝင် ဒါဇင်နှင့်ချီ၍ သေဆုံးမှုများရှိခဲ့ကြောင်း မင်းကင်းမြို့နယ် တော်လှန်ရေးတပ်ဖွဲ့များက ဆိုသည်။ တောင်တွင်းဒေသသည် မင်းကင်းမြို့အနောက်ဘက် ၁၆ မိုင်ခန့်အကွာတွင် တည်ရှိသည်။

Most read this week

ဓါတ်ပုံ - ပုံဟောင်း (လားရှိုးမြို့ အဝင်အထွက်တွင် ကုန်ကားများကို စစ်ဆေးနေစဉ်)
August 7, 2026
ရှမ်းပြည် မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်း သွားလာနေကြသည့် ကုန်တင်မော်တော်ယာဉ်...
August 7, 2026
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းအုပ်စု၊ အင်တိုင်းကုန်းကျေးရွာကို စစ်တပ်က Y...
August 6, 2026
မလေးရှားအစိုးရသည် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်နေသည့် ဒုက္ခသည် ၅,၀၀၀ ခန့်အနက် အသက်...
August 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်ရှိ ပန်ဆောင်မြို့နှင့်...