မြိုင်တွင် စစ်တပ်က ပြည်သူ ၄ ဦးကို သတ်ဖြတ်၊ ၁၃,၀၀၀ ကျော် စစ်ဘေးရှောင်နေရ

မြိုင်တွင် စစ်တပ်က ပြည်သူ ၄ ဦးကို သတ်ဖြတ်၊ ၁၃,၀၀၀ ကျော် စစ်ဘေးရှောင်နေရ

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် လတ်တလော စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူလေးဦးကို သတ်ဖြတ်ခဲ့ပြီး၊ ထိုစစ်ကြောင်းကြောင့် မြိုင်မြို့နယ်တောင်ခြမ်းရှိ ကျေးရွာ ၂၅ ရွာခန့်မှ ဒေသခံအနည်းဆုံး ၁၃,၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရသည်။

စစ်တပ်စစ်ကြောင်းသည် မြိုင်မြို့နယ်၊ ကန်နက်ကျေးရွာမှ ပြည်သူနှစ်ဦး၊ မြင်းကိုးသစ်ကျေးရွာမှ ပြည်သူ တစ်ဦး နှင့် ကိုင်းတောမကျေးရွာမှ ပြည်သူတစ်ဦးတို့ကို သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း အညာမြေအရပ်ဘက်လူမှု အဖွဲ့အစည်း - မြိုင်မှ တာဝန်ရှိသူတစ်ဦးက ဇူလိုင် ၁၅ ရက်နေ့တွင် မဇ္ဈိမသို့ ပြောသည်။

သတ်ဖြတ်ခံရသူများသည် အသက် ၅၀ ကျော်နှင့် အသက် ၆၀ ကျော်အရွယ်ရှိ အမျိုးသားများ ဖြစ်ကြသည်။

ကန်နက်ကျေးရွာမှ ပြည်သူနှစ်ဦးကို စစ်တပ်က ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ပြီး အလောင်းများကို မြေမြှုပ် ဖျောက်ဖျက်ထားခဲ့ကြောင်း၊ သေဆုံးသူများသည် တောထဲ၌ စစ်ဘေးရှောင်နေရသည့် ပြည်သူများဖြစ်ပြီး တစ်ဦးမှာ နွားအုပ်မွေးမြူကာ နွားကျောင်း၍ အသက်မွေးဝမ်းကျောင်းပြုသူဖြစ်ကြောင်း အညာမြေအရပ်ဘက် လူမှုအဖွဲ့အစည်း - မြိုင်က ထုတ်ပြန်ထားသည်။

လက်ရှိတွင် ထိုစစ်ကြောင်းသည် မြိုင်မြို့နယ်တောင်ခြမ်းတစ်ကြောလုံးကို စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး၊ ဇူလိုင် ၁၃ ရက်နေ့ ညပိုင်းတွင် ကန်နက်ကျေးရွာနှင့် လက်ခုတ်ပင်ကျေးရွာတို့မှ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။

ထို့ပြင် ဇူလိုင် ၁၅ ရက် နံနက်ပိုင်းတွင်လည်း ညောင်ကုန်း၊ ကိုင်းတောမနှင့် ထန်းငယ်တော စသည့် ကျေးရွာများရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထိုသို့ မီးရှို့ခံရမှုကြောင့် မီးလောင်ပျက်စီးခဲ့သည့် နေအိမ်အသေးစိတ်စာရင်းကို မသိရှိရသေးသော်လည်း စုစုပေါင်း နေအိမ် ၅၀ ခန့် မီးရှို့ဖျက်ဆီးခံရကြောင်း ခန့်မှန်းရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အညာမြေအရပ်ဘက်လူမှု အဖွဲ့အစည်း - မြိုင်မှ တာဝန်ရှိသူတစ်ဦးက “ကျနော်တို့ မီးရှို့ခံရတဲ့သူတွေအတွက် အနေအထိုင်တွေ ပြန်ဆောက်ဖို့ရာတွေအတွက် တိုင်တွေ၊ သစ်တွေ ဝါးတွေလိုမယ်။ အရေးပေါ်စစ်ရှောင်နေရတဲ့ ပြည်သူတွေအတွက် အစားအသောက်၊ အမိုးအကာ၊ ဆေးဝါး၊ သောက်ရေ အဲ့တာတွေက အဓိက လိုအပ်ချက် တွေ ဖြစ်လိမ့်မယ်” ဟု ပြောသည်။

လက်ရှိ မြိုင်မြို့နယ်အတွင်း ထိုးစစ်ဆင်နေသည့် စစ်ကြောင်းသည် ပြီးခဲ့သည့် ဇူလိုင် ၁၃ ရက်နေ့က မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ထောက်ရှာပင်ကျေးရွာဘက်မှ မြိုင်မြို့နယ်ဘက်သို့ စစ်ဦးလှည့်လာသည့် စစ်ကြောင်းဖြစ်ပြီး ခန့်မှန်းအင်အား ၇၀၀ ဝန်းကျင် ပါဝင်ကြောင်း ဒေသခံများက ပြောသည်။

ထိုစစ်ကြောင်းနှင့် မြိုင်မြို့နယ်တောင်ပိုင်း စက်မှု (၂) တွင်ရှိသည့် အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းတို့ ပူးပေါင်းကာ လက်ရှိတွင် ထိုးစစ်ဆင်နေခြင်းသည်။

အဆိုပါ ခန့်မှန်းအင်အား ၇၀၀ ဝန်းကျင်ပါ စစ်တပ်စစ်ကြောင်းသည် ဇူလိုင် ၁၃ ရက်နေ့က ပေါက်မြို့နယ်၊ ထောက်ရှာပင်ရွာမှ နေအိမ် ၅၄ လုံးနှင့် ထရန်စဖော်မာတစ်လုံးတို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်း - မြိုင်၏ အချက်အလက်များအရ သိရသည်။

လက်ရှိတွင် ပေါက်မြို့နယ်အရှေ့မြောက်ပိုင်း၌လည်း ကျေးရွာကိုးရွာမှ လူဦးရေ ၇,၀၀၀ ခန့် ယာယီစစ်ဘေးရှောင် နေရပြီး စားနပ်ရိက္ခာအကူအညီများစွာ လိုအပ်နေကြောင်း ပေါက်မြို့နယ်၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်း စာနာထောက်ထားရေးဌာနက ဇူလိုင် ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...
August 27, 2026
ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ Spring Moon Garment Co.,Ltd အထည်ချုပ်စက်ရုံ...
ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...