ချင်းတွင်းမြစ် အနောက်ဘက်ကမ်း သပိတ်ခေါင်းဆောင် ဖမ်းဆီးခံရပြီး ၁ဝ ရက်ကြာသည်အထိ အဆက်အသွယ်မရ

ချင်းတွင်းမြစ် အနောက်ဘက်ကမ်း သပိတ်ခေါင်းဆောင် ဖမ်းဆီးခံရပြီး ၁ဝ ရက်ကြာသည်အထိ အဆက်အသွယ်မရ

စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်အနောက်ဘက်ကမ်း လူငယ်သပိတ်ခေါင်းဆောင် ကိုဝင်းမိုးဇော် (ခ) အဝင်းလေးမှာ စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး ဆယ်ရက်အကြာ  ဇူလိုင်လ ၁၁ ရက်နေ့အထိ အဆက်အသွယ်ရရှိခြင်း မရှိသေးကြောင်း သိရသည်။

ထို့ကြောင့် ကိုဝင်းမိုးဇော်၏ အသက်အန္တရာယ်နှင့် ကျန်းမာရေးအခြေအနေအတွက် အထူးစိုးရိမ်ကြောင်းကို စစ်ကိုင်းတိုင်း၊ အနောက်မြောက်လွင်ပြင် သပိတ်အင်အားစုများက ဇူလိုင် ၁၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

ကိုဝင်းမိုးဇော်ကို ဘုတလင်မြို့နယ်၊ ကူတော်ရဲစခန်းတွင် စစ်ကြောခံနေရသည်ဟုသာ ကြားသိရပြီး မိသားစုဝင်၊ မိတ်ဆွေများနှင့် လုံးဝ အဆက်အသွယ်ရခြင်း မရှိကြောင်း သိရသည်။

အသက် ၂ဝ အရွယ် ကိုဝင်းမိုးဇော်အား စစ်ကောင်စီတပ်များက ဖမ်းဆီးသွားချိန်တွင် ကျန်းမာရေးကောင်းမွန်မှုရှိသော်လည်း လူမဆန်ရက်စက်ကြမ်းကြုတ်သည့် စစ်ကောင်စီတပ်၏ စစ်ကြောရေးတွင် အသက်အန္တရာယ်အတွက် များစွာစိုးရိမ်ရသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်ဟု ကြားသိရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

လူငယ်သပိတ်ခေါင်းဆောင် ကိုဝင်းမိုးဇော်သည် ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက်က ဘုတလင်မြို့နယ်၊ မောင်းထောင်ကျေးရွာအနီး၌ ဘုတလင်နယ်ခံနှစ်ဦးနှင့်အတူ ဖမ်းဆီးခြင်းခံခဲ့ရပြီး နယ်ခံနှစ်ဦးမှာ ထွက်ပြေးလွတ်မြောက်လာသော်လည်း ကိုဝင်းမိုးဇော်မှာ မလွတ်မြောက်ဘဲ ကျန်နေခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သားများသည် ကိုဝင်းမိုးဇော်အပါအဝင် ဖမ်းဆီးခံရသူသုံးဦးအား ကူတော်ရဲစခန်းအတွင်းရှိ တဲတစ်လုံးတွင် စစ်ဖိနပ်ဖြင့် မျက်နှာကို ကန်ကျောက်ခြင်း၊ မျဉ်းလုံးများဖြင့် လှိမ့်ခြင်း၊ ရေးနွေးပူဖြင့် လောင်းကာ စစ်မေးခြင်း၊ တုတ်များဖြင့် ရိုက်နှိက်ခြင်းစသည့် နှိပ်စက်ညှဉ်းပန်းမှုများပြုလုပ်ခဲ့ကြောင်း လွတ်မြောက်လာသူများ၏ ပြောပြချက်အရ သိရသည်ဟု မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီမှ ကိုသန်းကျော်ဦးက ပြောသည်။

ကိုဝင်းမိုးဇော် (ခ) အဝင်းလေး၏ အခြေအနေမှန်ကို သိရှိနိုင်ရေး၊ အသက်အန္တရာယ် ဘေးကင်းလုံခြုံမှုရှိရေး၊ မိသားစုဝင်များ မိတ်ဆွေများနှင့် အမြန်ဆုံး အဆက်အသွယ် ရရှိရေးတို့အတွက် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ၊ လူ့အခွင့်အရေး ဆိုင်ရာအဖွဲ့အစည်းများ၊ ရှေ့နေရှေ့ရပ်များ၊ သံရုံးနှင့် သံတမန်အဖွဲ့အစည်းများ အပါအဝင် တတ်စွမ်းသူများအနေဖြင့် အရေးပေါ်ကြားဝင်ကူညီ‌ပေးရန် အနောက်မြောက် လွင်ပြင် သပိတ်အင်အားစုများက မေတ္တာရပ်ခံထားသည်။

May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...