ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်း လက်မှတ်မပြနိုင်လျှင် စျေးရောင်းချခွင့်ပိတ်မည်

ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်း လက်မှတ်မပြနိုင်လျှင် စျေးရောင်းချခွင့်ပိတ်မည်

မော်လမြိုင်မြို့နယ်ရှိ စည်ပင်သာယာစျေးအတွင်းစျေးရောင်းချသူများနှင့် အလုပ်သမားများ ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်း လက်မှတ်မပြနိုင်လျှင် စျေးရောင်းချခွင့်ပိတ်မည်ဟု မွန်ပြည်နယ်စည်ပင်သာယာရေးကော်မတီ ဆိုသည်။

မော်လမြိုင်မြို့နယ်အုပ်ချုပ်ရေး၊ မြို့နယ်ကျန်းမာရေး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပူးပေါင်းပြီး စျေးသူစျေးသားများနှင့် နိုဝင်ဘာလ ၂၅ရက်နေ့က တွေ့ဆုံခဲ့ပြီး စျေးသူစျေးသားများအနေဖြင့် ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်းလက်မှတ်ကို ဒီဇင်ဘာလ ၁ ရက်နေ့ နောက်ဆုံးထားပြရမည်ဟု မွန်ပြည်နယ်စည်ပင်သာယာရေးညွှန်ကြားရေးမှူး ဦးတင်ကိုကိုက ပြောသည်။

"ကျွန်တော်တို့ စတင်စစ်ဆေးနေပါပြီ။ စစ်ဆေးလို့ ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်း လက်မှတ်ပြနိုင်တဲ့သူတွေကို ဆက်ရောင်းချခွင့်ပြုမယ်။ မပြနိုင်တဲ့သူတွေ မထိုးရသေးတဲ့သူတွေကို တစ်ခါထဲစျေးမှာပဲ ထိုးပေးဖို့စီစဥ်သွားမယ်။ လက်မှတ်လဲမပြနိုင်ဘူး မထိုးလဲမထိုးဘူးဆိုတဲ့သူတွေကိုတော့ စျေးရောင်းချခွင့် ပိတ်ပြီးအရေးယူသွားမယ်"ဟု ၄င်းက ဆိုသည်။

ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်းလက်မှတ်မပြသနိုင်သူများကို တွေ့ရှိပါက ပထမအကြိမ် ပညာပေးသည့်အနေဖြင့် စျေးရောင်းချခွင့်တစ်ပတ်ပိတ်ပြီး နောက်ထပ်အကြိမ် စစ်ဆေးရာတွင် ထပ်မံတွေ့ရှိပါက နှစ်ပတ် စသည်ဖြင့်တိုးမြှင့်ပိတ်သိမ်းသွားမည်ဟု သိရသည်။

"ကျွန်တော်တို့ ဆီအရင်ရက်က လာမယ်စစ်မယ်ဆိုလို့ ခုံတွေပြင်ဆင်ပြီး စောင့်နေသေးတယ်။ မလာဖြစ်လိုက်ဘူး။ ကိုဗစ်ကာကွယ်ဆေးတွေကတော့ အကုန်နီးပါးထိုးပြီးပြီ။ ဒီနေ့လည်း နှစ်ကြိမ်မြောက်ထိုးတဲ့သူကထိုး၊ ပထမအကြိမ်စထိုးတဲ့သူကထိုးပေါ့”ဟု  မြိုင်ရတနာစျေးရုံးမှ တာဝန်ရှိသူ ဦးမောင်ကဆိုသည်။

မော်လမြိုင်မြို့ မြိုင်ရတနာ နှစ်ထပ်စျေးတွင် ကိုဗစ်ကာကွယ်ဆေးများကိုဆက်လက်ထိုးနှံပေးနေပြီး စစ်ဆေးခံရန် အသင့်ရှိနေကြောင်း စျေးတာဝန်ရှိသူတစ်ဦးကဆိုသည်။

မွန်ပြည်နယ်တဝန်း ကိုဗစ်ကူးစက်ပျံ့ပွားမှုထပ်မံမဖြစ်ပွားရန် အစွမ်းကုန်းကြိုးစားထိန်းချုပ်လျက်ရှိပြီး  ပြည်နယ်အတွင်း ဘီးလင်း မြို့နယ် တစ်ခုသာ Stay at Home အစီအစဉ်တွင် ကျန်ရှိနေသေးသည်။

Most read this week

August 14, 2026
အမျိုးသမီး ပြည်သူ့စစ်မှုထမ်း သင်တန်းကို စစ်အုပ်စုက ဩဂုတ်လ ၁၀ ရက်နေ့တွင် ဖွင့်လှစ်လိုက်ကြောင်း...
August 13, 2026
မွန်ပြည်၊ မုဒုံမြို့၊ မြို့မ (၂) ရပ်ကွက်၊ အဲမွန်ဒယား (၃) လမ်းတွင် အိမ်ငှားနေထိုင်သည့်...
August 10, 2026
မွန်ပြည်၊ ရေးမြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် ရေးဘီလူးအဖွဲ့၏ ဖေ့ဘွတ်လူမှုကွန်ရက်...
August 7, 2026
မွန်နှင့် ကရင်ပြည် ထိစပ်နေသည့် ကျေးရွာအချို့တွင် ဒေသတွင်းလက်နက်ကိုင်အဖွဲ့များ၏ မူးယစ်ဆေးဝါး...