အမျိုးသမီး ပြည်သူ့စစ်မှုထမ်း သင်တန်းကို စစ်အုပ်စုက ဩဂုတ်လ ၁၀ ရက်နေ့တွင် ဖွင့်လှစ်လိုက်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် စက်ရုံ၊ အလုပ်ရုံများတွင် အဓိက အများဆုံး ရှိနေသည့် အမျိုးသမီး လုပ်သား များအကြား စိုးရိမ်ပူပန်မှုများ ပိုမို မြင့်တက်လာနေသည်။
သို့သော် အမျိုးသမီး ပြည်သူ့စစ်မှုထမ်းသင်တန်း သတင်းသည် သတင်းမှား ဖြစ်ကြောင်း စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက တုံ့ပြန် ပြောဆိုထားသည်။
ထွက်ပေါ်နေသည့် အမျိုးသမီး ပြည်သူ့စစ်မှုထမ်း သင်တန်းကို မှော်ဘီမြို့ရှိ အမှတ် (၄) အရာခံနှင့် အကြပ်ကြီး သင်တန်းကျောင်း အပါအဝင် ရကသ (၄) နှင့် အခြား စစ်သင်တန်းကျောင်း အချို့၌ လက်ခံလေ့ကျင့်သွားမည်ဟု မြန်မာစစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDS) ၏ ဩဂုတ်လ ၉ ရက်နေ့ ထုတ်ပြန်ချက် အရ စိစစ်တွေ့ရှိရသည်။
လက်ရှိ ရန်ကုန်မြို့အတွင်းရှိ အချို့မြို့နယ်များတွင် အမျိုးသားများ စစ်မှုမထမ်းရရေးအတွက် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများကို လစဉ် ငွေကျပ် ၁ သောင်းမှ ၄ သောင်းအထိ ပေးဆောင်နေရသဖြင့် မိသားစုများ၏ စားဝတ်နေရေးအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်နေကြရသည်။
အလုပ်သမားသမဂ္ဂ အဖွဲ့မှ တာဝန်ရှိသူ မသီတာက “အခုအခါကလေ စစ်မှုထမ်းတွေနဲ့ ပတ်သက်ပြီးတော့ စက်ရုံဝန်းတွေအထဲမှာ အထည်ချုပ်လောကတွေ အထဲမှာ ဆိုရင် ကြားနေရတဲ့ သတင်းစကားကဆိုလို့ရှိရင် သူတို့ရဲ့ အမျိုးသားတွေ ပါသွားတဲ့အခါမျိုးတွေမှာ ဆိုလို့ရှိရင် ငါတို့တွေက ဒီအမျိုးသားတွေ မပါဖို့အတွက် လစဉ်လတိုင်း ပိုက်ဆံထောက်ပံ့ရတယ်ပေါ့။ အခုလက်ရှိ ဒီအမျိုးသမီးတွေ အတွက်ပါ ထပ်ပြီးတော့ ဒီစစ်မှု ထမ်းကြီးက ကျရောက်လာပြီဆိုတဲ့အခါကျတော့ အမျိုးသမီး တွေက ဘာဆက်ဖြစ်လာလဲဆိုတော့ သူတို့တွေ သာ ပါသွားခဲ့ရင် အိမ်မှာရှိနေတဲ့ မိသားစုပေါ့ ကလေးငယ်တွေ ရှိမယ်၊ ပြီးလို့ရှိရင် အိုကြီးအိုမတွေ သူတို့ရဲ့ မိဘတွေ ရှိမယ်ပေါ့နော်” ဟု ပြောသည်။
ယခုအခါ အမျိုးသမီး ပြည်သူ့စစ်မှုထမ်း အတွက်ပါ ငွေကြေးများ ထပ်မံပေးဆောင် ရမည်ဆိုပါက စားဝတ်နေ ရေး အခက်အခဲ ပိုမို ကြီးမားလာမည်ဟု မသီတာက ဆက်ပြောသည်။
“အဲဒီအတွက် သူတို့မှာ ကုန်ဈေးနှုန်းအတွက် ရင်းနှီးရတာကတစ်မျိုး။ စစ်မှုမထမ်းရဖို့အတွက်ကို ဒီမှာရှိနေတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပဲ ပိုက်ဆံပေးရမှာလား၊ စစ်မှုမထမ်းရဖို့အတွက်ပဲ စစ်တပ်ကိုပဲ သွားပြီးတော့ ဖား ရမလားဆိုတဲ့ စကားတွေက အများကြီး ကြားနေရတာပေါ့နော်။ နောက်ပြီးတော့ ဝန်ထမ်းတွေက အများကြီး ကြောက်စရာတစ်ခုလိုတော့ သတ်မှတ်ထားကြတယ်ရှင့်” ဟု ၎င်းက ပြောသည်။
အထည်ချုပ်စက်ရုံနှင့် ကုမ္ပဏီလုပ်ငန်း အများအပြားရှိသည့် ရန်ကုန်မြို့တွင် အလုပ်သမားများစွာ ရှိနေပြီး စား ဝတ်နေရေးအတွက် ည ၉ နာရီနှင့် ၁၀ နာရီအထိ အချိန်ပို (OT) ဆင်းနေကြရသည်။
လက်ရှိ အမျိုးသမီး စစ်မှုထမ်း သတင်းများကြောင့် အထည်ချုပ် စက်ရုံအလုပ်သမားများသည် လုံခြုံရေး အတွက် ပိုမို စိုးရိမ်နေကြရကြောင်း အထည်ချုပ်အလုပ်သမား မစန်းယုက ပြောပြသည်။
“လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ အခုက စက်ရုံတွေမှာက အထည်ချုပ်စက်ရုံတွေမှာကလည်း OT တွေက ည ၉ နာရီ၊ ၉ နာရီခွဲအထိကို ခေါ်ကြတယ်။ ခေါ်ကြတဲ့အခါမျိုးတွေဆိုတော့ အခုလက်ရှိမှာက စက်ရုံတွေကလည်း တစ်ခုခု ဖြစ်လာလို့ရှိရင် ကာကွယ်မပေးတာမျိုးတွေ ရှိတယ်ပေါ့နော်။ ပါသွားလို့ရှိရင် ပါသွားပလေ့စေဆိုတဲ့ ပုံစံမျိုးနဲ့ပဲ စက်ရုံတွေကလည်း သူတို့ရဲ့ အထည်ရရှိဖို့အရေး၊ အချိန်မှီ သူတို့ရဲ့ကုန်တွေ ထွက်ရှိလာဖို့အရေး အတွက်ပဲ သူတို့က ဦးစားပေးပြီးတော့ အလုပ်သမားတွေရဲ့ လုံခြုံရေးအတွက်ကို သူတို့ ဘာမှဂရုမစိုက်ဘူး ပေါ့နော်။”
လက်ရှိ ရန်ကုန်မြို့တွင် စစ်မှုထမ်းရန်အတွက် အမျိုးသားများကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ ရှိနေပြီး ပျောက်ဆုံး ခြင်း၊ ဖမ်းဆီးခံရခြင်းများနှင့်အတူ စစ်မှုထမ်း ခင်းကျင်းရေးအတွက် ငွေကြေး အမြောက်အမြား ကောက်ခံမှုများ လည်း ရှိနေသည်။
ထို့ပြင် စစ်မှုထမ်းလိုသည့် အမျိုးသားများကိုလည်း အစားထိုး ခေါ်ယူမှုများ ရှိနေပြီး ရပ်ကွက်အလိုက် လူတစ်ဦး လျှင် ငွေကျပ် သိန်း ၆၀ မှ သိန်း ၁၀၀ အထိ ပေးဆောင်နေရမှုများလည်း ရှိနေသည်။
မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေအရ အမျိုးသမီး စစ်မှုထမ်း ခေါ်ယူရန် မလိုအပ်သေးသည့် အနေအထား ဖြစ် နေပြီး အမျိုးသမီးများကို စစ်မှုထမ်း မခေါ်ယူခြင်းသည် အမျိုးသမီးများအတွက် ပိုမို လုံခြုံသည့် ဘဝကို ပေးနိုင် ကြောင်း အလုပ်သမားသမဂ္ဂမှ တာဝန်ရှိသူ မသီတာက ပြောဆိုထားသည်။
စစ်အာဏာသိမ်း နောက်ဆက်တွဲ အခြေအနေများကြောင့် ပြည်သူလူထုသည် စားဝတ်နေရေး အခက်အခဲများစွာ ကြုံတွေ့နေရပြီး နည်းပါးလှသည့် လုပ်ခလစာများဖြင့် ရုန်းကန်နေရချိန် ယခုကဲ့သို့ အမျိုးသမီး စစ်မှုထမ်း ကိစ္စရပ်များနှင့် ပတ်သက်၍လည်း စိုးရိမ်ပူပန်မှုများစွာ ရင်ဆိုင်နေကြရသည်။







