မုဒုံတွင် အမျိုးသမီးတစ်ဦး ပစ်သတ်ခံရ

မုဒုံတွင် အမျိုးသမီးတစ်ဦး ပစ်သတ်ခံရ

မွန်ပြည်၊ မုဒုံမြို့၊ မြို့မ (၂) ရပ်ကွက်၊ အဲမွန်ဒယား (၃) လမ်းတွင် အိမ်ငှားနေထိုင်သည့် ဒေါ်နွယ်နွယ်ခိုင်ဆိုသူ အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် သေဆုံးသွားခဲ့သည်။

ယမန်နေ့ ဩဂုတ်လ ၁၂ ရက်နေ့၊ ညနေ ၆ နာရီခွဲခန့်တွင် အသက် ၄၂ နှစ်အရွယ်ရှိ ဒေါ်နွယ်နွယ်ခိုင် နေအိမ်အတွင်း ရှိနေစဉ် အမျိုးသားနှစ်ဦး ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး နေအိမ်အတွင်း ဝင်ရောက်ကာ သေနတ်ဖြင့် ပစ်ခတ် သွားခဲ့ခြင်း ဖြစ်သည်။

သေနတ်သမားများသည် ဒေါ်နွယ်နွယ်ခိုင်ကို 9MM ပစ္စတိုသေနတ်ဖြင့် ၇ ချက်ခန့် ပစ်ခတ်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများက ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဒေါ်နွယ်နွယ်ခိုင်သည် ဝဲဘက်ရင်ဘတ်၊ ဝဲ/ယာ ခါးနှင့် နောက်ကျောတို့တွင် ရှပ်ထိဒဏ်ရာများ ရရှိကာ အခင်းဖြစ်ပွားရာ နေရာ၌ပင် သေဆုံးသွားခဲ့သည်။

မျက်မြင်တွေ့ရှိသူတစ်ဦးက “သေဆုံးသူ နေအိမ်ဘက်က သေနတ်သံ ၄ ချက်လောက်ကြားပြီးနောက် အိမ်ထဲက နေ လူငယ်တစ်ဦး ထွက်ပြေးလာတာကို တွေ့ရတယ်။ လမ်းမပေါ်မှာ ရပ်ထားတဲ့ လူငယ်တစ်ဦး အသင့်ထိုင်နေ တဲ့ ဆိုင်ကယ်ပေါ်ကို တက်ပြီး မော်-သံလမ်းဘက်သို့ ထွက်ပြေးသွားခဲ့တယ်” ဟု ပြောသည်။

ဒေါ်နွယ်နွယ်ခိုင်သည် ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်မှ ဖြစ်ပြီး ပြီးခဲ့သည့် မတ်လခန့်တွင် မုဒုံမြို့၊ မြို့မ (၂) ရပ်ကွက်၊ အဲမွန်ဒယား (၃) လမ်းသို့ လာရောက်ကာ အိမ်ငှားနေထိုင်နေခြင်း ဖြစ်သည်။

ဒေါ်နွယ်နွယ်ခိုင်သည် ဇနီးဖြစ်သူနှင့် ကွာရှင်းထားသည့် မုဒုံမြို့နီးစပ်သူ ဦးသိန်းအောင်ဆိုသူနှင့် အွန်လိုင်းမှ တစ်ဆင့် ချစ်ကြိုက်ခဲ့ကြပြီး မုဒုံမြို့တွင် အိမ်ငှား၍ လာရောက်နေထိုင်ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူ များက ဆိုကြသည်။

ဒေါ်နွယ်နွယ်ခိုင်ကို မည်သူက မည်သည့်အကြောင်းကြောင့် သေနတ်ဖြင့် ပစ်ခတ်သွားသည်ကို အတည်ပြုနိုင်ခြင်း မရှိသေးသော်လည်း လူမှုရေးပြဿနာ ရှုပ်ထွေးမှုများကြောင့် ယခုကဲ့သို့ လုပ်ကြံသတ်ဖြတ်ခံရခြင်း ဖြစ်နိုင် ကြောင်း သုံးသပ်ပြောဆိုနေကြသည်။

ဒေါ်နွယ်နွယ်ခိုင် သေနတ်ဖြင့် ပစ်ခတ်ခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာက ဂိတ်များတွင် ပိတ်ဆို့စစ်ဆေးမှုများ ဆောင်ရွက်လျက် ရှိသည်။

Most read this week

September 8, 2026
မွန်ပြည်၊ ရေးမြို့နယ် မြောက်ပိုင်းကျေးရွာအချို့တွင် စစ်အုပ်စုတပ် စစ်ကြောင်းများက ၎င်းတို့...
September 7, 2026
မိုးစပါးအသစ်မပေါ်မီ စက်တင်ဘာလဆန်းပိုင်းအတွင်း မွန်ပြည်တွင် စပါးအမျိုးအစားအားလုံး ဈေးနှုန်း ဆက်...
ဓာတ်ပုံ - (Crd)
September 7, 2026
မွန်ပြည်၊ သံဖြူဇရပ်မြို့နယ်၊ ဝယ်ဝင်္ကရာကျေးရွာတွင် နေထိုင်သည့် ဇနီးမောင်နှံ နှစ်ဦးကို...
September 4, 2026
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် စစ်အုပ်စုတပ်က ရမ်းသမ်းပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ပေါက်ကွဲ...