ရခိုင်ပြည်နှင့် မကွေးတိုင်းအစပ်၊ မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းအနီးရှိ ဂုတ်စီးရိုးကျေးရွာကို စစ်တပ်က ထိုးစစ်ဆင်ရန် ကြိုးပမ်းနေခြင်းကြောင့် ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ အလွန်ပြင်းထန်နေသည်။
ဩဂုတ်လ ၆ ရက်နေ့က ရခိုင်ရိုးမတောင်ပေါ်ရှိ ဂုတ်စီးရိုးလမ်းကြောင်းတွင် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လက်နက်ကြီး၊ လေကြောင်းနှင့် ဒရုန်းပစ်ကူများကို အပြအပြင် အသုံးပြုတိုက်ခိုက်ခဲ့သည်။
“မနေ့က အဲဒီဘက်ကို လက်နက်ကြီး၊ ဒရုန်းတွေ အများဆုံးသုံးပြီး တိုက်တယ်။ ဂျက်လေယာဉ်လည်း ပါတယ်။ ဒီကျေးရွာက စစ်တပ်စခန်းကို AA နဲ့ ပူးပေါင်းတပ်တွေ သိမ်းထားတာကြာပြီ။ အခုရက်ပိုင်း အဲဒီအနီးနားမှာ တိုက်ပွဲတွေ ရှိနေတယ်” ဟု စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ပြောသည်။
အဆိုပါ ဂုတ်စီးရိုးစခန်းမှာ နတ်ရေကန်အနီးတွင် တည်ရှိပြီး ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် အာရက္ခတပ် တော် (AA) နှင့် မဟာမိတ်ပူးပေါင်းတပ်များက သိမ်းပိုက်ရယူထားခဲ့သည့် နေရာတစ်ခုလည်း ဖြစ်သည်။
ဂုတ်စီးရိုးလမ်းကြောင်းမှာ ရခိုင်နှင့် မကွေးနယ်စပ် ရိုးမတောင်ပေါ်ရှိ နတ်ရေကန်ဗျူဟာကုန်းနှင့် နီးကပ်နေသည့် လမ်းပိုင်းဖြစ်ပြီး ယင်းလမ်းပိုင်းမှတစ်ဆင့် ဂုတ်စီးရိုးအနီးရှိ ကမြင်းကန်စခန်းကိုပါ ဆက်လက်ထိုးစစ်ဆင် လာနိုင်ခြေ ရှိနေကြောင်း မြေပြင်သတင်းရင်းမြစ်များက ပြောသည်။
အခြား သတင်းရင်းမြစ်တစ်ဦးကလည်း “စကစဟာ နတ်ရေကန်နဲ့ ကမြင်းကန်ကြားကနေ လမ်းဖောက်တက်ဖို့ လုပ်နေတာ။ ဂုတ်ကြီးဘက်ကနေ မတက်နိုင်တော့ သူတို့က အလယ်က လမ်းကြောင်းကို လိုချင်နေတာ။ အဲဒီ လမ်းကြောင်းကိုသာ ရရင် တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲ။ ဒါပေမဲ့ လက်ရှိအခြေအနေအရတော့ အတော်လေး လှမ်းသေးတယ်” ဟု သုံးသပ်ပြောဆိုသည်။
ကမြင်းကန်ဂိတ်စခန်းမှာ ရခိုင်-မကွေးနယ်စပ် ကုန်းအနီးရှိ တရုတ်ဓာတ်ငွေ့ပိုက်လိုင်းကို လုံခြုံရေးယူကာ စစ်တပ်က အထိုင်ချတပ်စွဲထားခဲ့သည့် စခန်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် AA နှင့် တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် နတ်ရေကန်ဗျူဟာကုန်းကို အာရက္ခတပ်တော်နှင့် မဟာမိတ်ပူးပေါင်းတပ်များက ဝိုင်းပတ်ပိတ်ဆို့ ထားပြီး စစ်တပ်က ပဒါန်းမြို့၊ အမှတ် (၉၀၅) အမြောက်ကွပ်ကဲမှုဌာနချုပ်မှတစ်ဆင့် စစ်ကြောင်းတက်ကာ ထိုးစစ်ဆင်ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။
သို့သော်လည်း စစ်တပ်၏ စစ်ကြောင်းများမှာ ဂုတ်ကြီးကျေးရွာနှင့် ပဇီကျေးရွာအနီးဝန်းကျင်တွင် တော်လှန်ရေး ပူးပေါင်းတပ်များ၏ ကြားဖြတ်တိုက်ခိုက်မှုများကြောင့် တပ်ပြန်လှည့်နေရဆဲ ဖြစ်သည်။
မြေပြင်အခြေအနေကို သိရှိသူ တစ်ဦးက “ရခိုင်ရိုးမတောင်တန်းကြီးဟာ တကယ့်စစ်မြေပြင်ကြီး ဖြစ်နေပါပြီ။ လေယာဉ်သံ အမြောက်သံတွေကတော့ နေ့တိုင်းပဲ ကြားနေရတာ။ နတ်ရေကန်ကို စကစတွေ လုံးဝလက် မလျော့လို့ တိုက်ပွဲတွေ နေ့စဉ်ပြင်းနေတယ်။ တကယ်တမ်းက ဒီနေရာတွေက စစ်တပ်အတွက်ရော၊ AA နဲ့ မြေ ပြန့်တော်လှန်ရေးတပ်တွေအတွက်ပါ အဓိကအရေးပါနေတော့ တစ်ဖက်ကမှ လက်လျော့လို့မရတဲ့ အခြေအနေ ဖြစ်တယ်” ဟု ပြောသည်။
လက်ရှိတွင် စစ်တပ်သည် ကမြင်းကန်၊ ဂုတ်စီးရိုးအပါအဝင် နတ်ရေကန်အနီးတစ်ဝိုက်ရှိ ကျေးရွာများကို လေကြောင်းနှင့် ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ကာ ထိုးစစ်တက်ရန် ဆက်လက်အားယူနေဆဲ ဖြစ်သည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂ ရက်ကလည်း စစ်တပ်က နတ်ရေကန်အနီးကျေးရွာများကို ဂျက်ဖိုက်တာ၊ Y-12 စသည့် လေယာဉ်အုပ်စုလိုက်ဖြင့် နှစ်နာရီကြာ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ဇူလိုင်လ ၂၄ ရက်နေ့မှစ၍ နတ်ရေ ကန်ဘက်သို့ စစ်အင်အားအများအပြားဖြင့် စစ်ကြောင်းထိုး လှုပ်ရှားမှုများကို လုပ်ဆောင်လျက်ရှိသည်။
လက်ရှိအခြေအနေတွင် နတ်ရေကန်စခန်းအနီးရှိ ကာကင်းစခန်းအားလုံးနီးပါးကို အာရက္ခတပ်တော်နှင့် ပူးပေါင်း တပ်များက သိမ်းပိုက်ထားပြီး ပင်မဗျူဟာစခန်းကြီးကို ဆက်လက်ပိတ်ဆို့ဖြတ်တောက်ထားလျက် ရှိနေသည်။







