နေရပ်စွန့်ခွာ မြန်မာပြည်သူများ အရေးကို လျစ်လျူရှုခဲ့သည့် စစ်အုပ်စု ခေါင်းဆောင် ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့ အကြား ပြုလုပ်ခဲ့သည့် သဘောတူညီချက်များအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ ကြောင်း Burma Research Institute (BRI) က ထုတ်ပြန်ကြေညာသည်။
ဩဂုတ်လ ၆ ရက်နေ့က ဘန်ကောက်မြို့တွင် ထိုင်းအစိုးရနှင့် မြန်မာစစ်အုပ်စုတို့အကြား လက်မှတ်ရေးထိုးခဲ့ ကြသော ပူးတွဲကြေညာချက်များတွင် ရွှေ့ပြောင်းဒုက္ခသည်များနှင့် ပြည်တွင်းနေရပ်စွန့်ခွာရသူများအတွက် ရေရှည်တည်တံ့သော ဖြေရှင်းနည်းများနှင့် အကာအကွယ်ပေးရေး လိုအပ်ချက်များအပေါ် လုံးဝလျစ်လျူရှုခဲ့ သည်ဟု BRI က ထောက်ပြပြောဆိုထားသည်။
၂၀၂၁ ခုနှစ် စစ်အုပ်စု ခေါင်းဆောင်ကို နိုင်ငံတော်အဆင့် တရားဝင် ဖိတ်ခေါ်တွေ့ဆုံခဲ့သည့် ထိုင်းနိုင်ငံ၏ ဆုံးဖြတ် ချက်သည် မြန်မာနိုင်ငံ၏ လူသားချင်းစာနာမှု အကူအညီလိုအပ်ချက် ကြီးမားနေချိန်တွင် ဒေသတွင်းနိုင်ငံများ၏ ဦးဆောင်မှု ကျဆုံးနေခြင်းကို ထင်ဟပ်ဖော်ပြနေကြောင်း BRI က ဆိုသည်။
ထို့ပြင် အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံ၏ နေရပ်စွန့်ခွာပြည်သူများအပေါ် ထိုင်းနိုင်ငံ၏ ယင်းကဲ့သို့ နှုတ်ဆိတ်လစ်လျူရှုနေမှုကို ဖိအားပေးခြင်းဖြင့် ကူညီပေးရန်လည်း BRI က တောင်းဆိုထားသည်။
BRI ဥက္ကဋ္ဌ ပူးဇိုးသုန်မှုန်းက “ထိုင်းနိုင်ငံအနေနဲ့ ကိုယ့်နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒကို ကိုယ်တိုင်စီမံခန့်ခွဲပိုင်ခွင့် အပြည့်အဝရှိပါတယ်။ ဒါပေမဲ့ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း အခန်း (၇) ပါ အစဉ်အလာတွေဖြစ်တဲ့ ဆုံးဖြတ် ချက်အမှတ် ၆၈၈ (၁၉၉၁၊ အီရတ်) နဲ့ ဆုံးဖြတ်ချက်အမှတ် ၉၄၀ (၁၉၉၄၊ ဟေတီ) တို့နဲ့အညီ ဒေသတွင်း ငြိမ်း ချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက် နေတဲ့ ဒုက္ခသည် အစုလိုက်အပြုံလိုက် ထွက်ပြေးတိမ်းရှောင်ရမှု အကျပ် အတည်းကိုတော့ ထိုင်းနိုင်ငံအနေနဲ့ လျစ်လျူရှုထားလို့ မရပါဘူး” ဟု ပြောသည်။
ထို့ကြောင့် “အဲဒီဆုံးဖြတ်ချက် နှစ်ခုစလုံးဟာ ဒုက္ခသည် အစုလိုက်အပြုံလိုက် ထွက်ပြေးတိမ်းရှောင်ရမှုကို နိုင်ငံ တကာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် ခြိမ်းခြောက်မှုတစ်ခုအဖြစ် သတ်မှတ်ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ စာရင်းများအရ ထိုင်း-မြန်မာနယ်စပ်ရှိ ထိုင်း အစိုးရ စီမံခန့်ခွဲနေသော ယာယီစစ်ရှောင်စခန်း ၉ ခုတွင် မြန်မာစစ်ဘေးရှောင်ဒုက္ခသည် ၈၀,၀၀၀ ကျော်နှင့် မြို့ပေါ်စစ်ဘေးရှောင်နေသူနှင့် နိုင်ငံရေးခိုလှုံခွင့် တောင်းခံသူ ၅,၀၀၀ ခန့် ရှိနေကြောင်း BRI ၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
လက်ရှိတွင် မြန်မာနိုင်ငံအတွင်း ပြည်တွင်းနေရပ်စွန့်ခွာ စစ်ဘေးရှောင်သူ ၃.၇ သန်းကျော်နှင့် ဒေသတွင်းနိုင်ငံ များသို့ နေရပ်စွန့်ခွာရသူ ၁.၆ သန်းကျော်အထိ ရှိလာခဲ့ပြီဖြစ်သည်။
အမေရိကန်ပြည်ထောင်စု အနေဖြင့် မြန်မာနိုင်ငံအတွင်း ခရစ်ယာန်ဘာသာဝင်များအပါအဝင် အရပ်သား ပြည်သူများ အပေါ် စစ်တပ်က ကျူးလွန်နေသည့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများနှင့်ပတ်သက်၍ ကျူးလွန်မှုမြောက်၊ မမြောက်ကို တရားဝင် ဆုံးဖြတ်ပေးပါရန်လည်း BRI နှင့် အခြားသော အဖွဲ့အစည်းများက တောင်းဆိုထားကြသည်။
BRI ၏ ဇန်နဝါရီလ အစီရင်ခံစာအရ ကရင်နှင့် ကရင်နီဒေသများမှ ခရစ်ယာန်အသိုင်းအဝိုင်းများအပါအဝင် ဒေသခံပြည်သူများသည် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများမှ လွတ်မြောက်ရန်အတွက် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း၊ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကာလများအတွင်း ခရစ်ယာန်ဘုရားကျောင်း ၃၄၃ ကျောင်း ဖျက်ဆီးခံခဲ့ရကာ ခရစ်ယာန်ဘာသာဝင် ၁၄၉ ဦးအထိ သတ်ဖြတ်ခံခဲ့ရကြောင်း သိရှိရသည်။







