မွန်ပြည်၊ ရေးမြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် ရေးဘီလူးအဖွဲ့၏ ဖေ့ဘွတ်လူမှုကွန်ရက် စာမျက်နှာ အောက်တွင် မှတ်ချက်ဝင်ရောက်ရေးသားခဲ့သည့် အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်အရေးယူခံလိုက်ရသည်။
သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာနေ အသက် ၂၉ နှစ်အရွယ် မဖူးပွင့်ဝေ (ခ) သမီးပုသည် Facebook လူမှုကွန်ရက် စာမျက်နှာပေါ်တွင် Phoo Pwint Wai အမည်ဖြင့် ရေးဘီလူးအဖွဲ့၏ ဖေ့ဘွတ်စာမျက်နှာအောက် တွင် မှတ်ချက်ဝင်ရောက်ရေးသားခဲ့ခြင်းကြောင့် ယခုကဲ့သို့ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
မဖူးပွင့်ဝေ (ခ) သမီးပုကို ဩဂုတ်လ ၈ ရက်နေ့က စစ်အုပ်စု လက်အောက်ခံ တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်အရ သရသည်။
“လက်ရှိတွင် မဖူးပွင့်ဝေ (ခ) သမီးပုကို သံဖြူဇရပ်မြို့မရဲစခန်းတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ - ၅၂ (က) ဖြင့် အမှုဖွင့်အရေးယူထားတယ်” ဟု ၎င်းက ပြောသည်။
မဖူးပွင့်ဝေ (ခ) သမီးပုသည် ရေးဘီလူးအဖွဲ့၏ ဖေ့ဘွတ်လူမှုကွန်ယက်စာမျက်နှာတွင် မျှဝေထားသည့် ပို့စ်အောက်တွင် “အားလုံးဘေးကင်းကြပါစေ”၊ “အလှူရှင်များအားလုံး ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ၊ ဘေးကင်းကြပါစေ”၊ “အားလုံး အသက်ရှည်ကျန်းမာကြပါစေ၊ တိုက်ပွဲတိုင်းလည်း အောင်မြင်ကြပါစေ၊ အစစ အရာရာ ဂရုစိုက်ပါအကျဲရေ” စသည်ဖြင့် မှတ်ချက်များ ဝင်ရောက်ရေးသားခဲ့သည်ဟု စစ်တပ်က စွပ်စွဲထား သည်။
မွန်ပြည်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် စစ်အုပ်စုကို ဝေဖန် ရေးသားဖြန့်ဝေသူများနှင့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ PDF အပါအဝင် တော်လှန်ရေး အင်အားစုများ ကို အားပေးထောက်ခံသည့် စာများကို ရေးသားဖြန့်ဝေသူများကို ဆက်တိုက်ဖမ်းဆီးမှုများ လုပ်ဆောင်လျက် ရှိသည်။
စစ်တပ်က ဖမ်းဆီးရမိသူများကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ ဖြင့် အမှုဖွင့် အရေးယူထားပြီး အချို့ကိုလည်း အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် အမှုဖွင့်ကာ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လေ့ရှိနေသည်။







