မူးယစ်ဆေးဝါး ဖမ်းဆီးအရေးယူမှုများ ရှင်းလင်းပြတ်သားမှုမရှိသဖြင့် ဒေသခံများစိုးရိမ်

မူးယစ်ဆေးဝါး ဖမ်းဆီးအရေးယူမှုများ ရှင်းလင်းပြတ်သားမှုမရှိသဖြင့် ဒေသခံများစိုးရိမ်

မွန်နှင့် ကရင်ပြည် ထိစပ်နေသည့် ကျေးရွာအချို့တွင် ဒေသတွင်းလက်နက်ကိုင်အဖွဲ့များ၏ မူးယစ်ဆေးဝါး ဖမ်းဆီးအရေးယူနေသည့် လုပ်ငန်းစဉ်များ ရှင်းလင်းပြတ်သားမှု မရှိသည့်အပေါ် ဒေသခံများက စိုးရိမ်နေကြ သည်။

အထူးသဖြင့် ဂျိုင်းမြစ်တစ်လျှောက်ရှိ ကျေးရွာများတွင် မူးယစ်ဆေးဝါး ဖမ်းဆီးရေးလုပ်ငန်းများကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့များက ဆက်တိုက်လုပ်ဆောင်နေပြီး သံသယရှိသူများကို ခေါ်ယူစစ်ဆေးခြင်းနှင့် ဖမ်းဆီးထိန်း သိမ်းခြင်းများကို အရှိန်မြှင့်လုပ်ဆောင်နေကြသည်။

ဖမ်းဆီးခံရသူအချို့မှာ ငွေကြေးပေးဆောင်ပြီး ပြန်လည်လွတ်မြောက်လာကြသလို မိသားစုများနှင့် အဆက် အသွယ် မရရှိဘဲ သက်ဆိုင်ရာ တပ်ရင်းများတွင် ရက်ရှည်လများ ထိန်းသိမ်းခံရခြင်းနှင့် တပ်သားအဖွဲ့ဝင်အဖြစ် စုဆောင်းခံရခြင်းများလည်း ရှိနေသည်။

ထို့ကြောင့် ဒေသတွင်းလက်နက်ကိုင်အဖွဲ့များအနေဖြင့် သံသယရှိသူများကို ခိုင်လုံမှုရှိသည့် သက်သေ အထောက်အထားနှင့်တကွ ဖမ်းဆီးပေးရန်၊ ဖမ်းဆီးခံရသည့် လူငယ်များကို တရားမျှတမှုရှိပြီး ထိရောက်မှုရှိ သည့် အပြစ်ပေးအရေးယူခြင်းများ လုပ်ဆောင်ရန်နှင့် မိဘအုပ်ထိန်းသူများထံ သတင်းအချက်အလက်များ ပေးပို့ရန် လိုအပ်ကြောင်း ဂျိုင်းမြစ်ဒေသခံ အမျိုးသားတစ်ဦးက ပြောဆိုသည်။

“မူးယစ်ဆေးဝါးကို ဖမ်းတာတော့ ကောင်းပါတယ်။ ဒါပေမဲ့ အချက်အလက်နဲ့တကွ ဖမ်းသင့်တယ်။ သံသယရှိ ရုံနဲ့ ခေါ်သွားပြီး စစ်ဆေးတာမျိုးတော့ မဖြစ်သင့်ဘူး။ တကယ်ရောင်းဝယ် ဖြန့်ဖြူးတဲ့သူတွေကို အရေးယူ တာက ကိစ္စမရှိပေမယ့် သုံးစွဲသူလူငယ်တွေကို ပြင်းပြင်းထန်ထန် အရေးယူတာကတော့ မသင့်လျော်ဘူး။”

ပြီးခဲ့သည့် ဇူလိုင်လအတွင်းက တရနာနှင့် ကော့ကသော်စသည့် ကျေးရွာများမှ မူးယစ်ဆေးဝါးကိစ္စများနှင့် ဆက်စပ်မှုရှိနေသည်ဟု သံသယရှိသည့် လူငယ် ၁၀ ဦးထက်မနည်းကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ထိန်းသိမ်း ထားကြောင်း နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။

ဖမ်းဆီးမှုကြောင့် ဒေသအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုများ လျော့နည်းလာမည်ဟု ယုံကြည်ကြသော် လည်း တရားစီရင်ရေးကိစ္စများ အပေါ် စိုးရိမ်နေရဆဲဖြစ်ကြောင်း ဖမ်းဆီးမှုလုပ်ဆောင်နေသည့် ကြာအင်းဆိပ်ကြီး ဒေသတွင်းရှိ ကျေးရွာတစ်ရွာမှ ဒေသခံတစ်ဦးက ဆိုသည်။

“ဖမ်းခံရတဲ့သူတွေ အကုန်လုံးက သက်သေရှိတာဖြစ်ဖြစ် မရှိတာဖြစ်ဖြစ် ပြစ်ဒဏ်ခံရတာကြီးပဲ။ အချို့တွေဆို အဲ့တပ်ရင်းမှာ စစ်သားလုပ်ခိုင်းတာလည်း ရှိတယ်။ စစ်သင်တန်းတက်ခိုင်းတာလည်း ရှိတယ်။ ဒီလောက်ထိတော့ မဖြစ်သင့်ဘူးပေါ့နော်၊ ဒါတွေက တရားမျှတမှုမရှိနေဘူး။”

မွန်နှင့် ကရင်ပြည် နယ်စပ်တစ်ဝိုက်ရှိ ကျေးရွာအချို့သည် ရာမညမွန်တပ်တော် (RMA)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA/KNU) တို့၏ ထိန်းချုပ်မှု အောက်တွင် တည်ရှိနေသည်။

ပြီးခဲ့သည့် ဧပြီလက DKBA ဒေါနအနောက်ခြမ်း အမှတ် (၂)၊ ကွပ်ကဲရေးနည်းဗျူဟာ (၂) မှ မည်သူမဆို တရား မဝင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများကို လက်ဝယ်ထားရှိခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း ပြုလုပ်ပါက ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက ထောင်ဒဏ် သုံးနှစ်အထိ အပြစ်ပေးအရေးယူမှုများ လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ထားခဲ့ဖူးသည်။

Most read this week

August 7, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ရေဖြူ - ကလိန်အောင် ကားလမ်းပိုင်းရှိ ကျောက်ကဒင်ကျေးရွာ...
August 6, 2026
မွန်ပြည်၊ ဘီးလင်းမြို့မရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦး၏ ညီဖြစ်သူအပါအဝင် လူငယ် ၇ ဦးကို စစ်တပ်၊...
August 6, 2026
တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု၊ လမိုင်းကော့ကျေးရွာကို စစ်တပ်က လေကြောင်းဖြင့်...
August 5, 2026
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်တစ်ကြောတွင် အခြေစိုက်ခဲ့သည့် အွန်လိုင်းငွေလိမ်လုပ်ငန်းများမှာ နယ်စပ်...