စစ်ဒဏ်သင့် စစ်ကိုင်းတိုင်းတွင် ရေဘေးသင့်ကာ အရေးပေါ်အကူအညီများ လိုအပ်နေ

စစ်ဒဏ်သင့် စစ်ကိုင်းတိုင်းတွင် ရေဘေးသင့်ကာ အရေးပေါ်အကူအညီများ လိုအပ်နေ

စစ်အုပ်စုတပ်၏ လေကြောင်း တိုက်ခိုက်မှုများနှင့် တိုက်ပွဲဒဏ်များကို နှစ်နှင့်ချီကာ ခံစားနေရသည့် စစ်ကိုင်း တိုင်း အတွင်းရှိ မြို့နယ်အများစုတွင် လက်ရှိ၌ ရေဘေးသင့်နေကြပြီး ဒေသခံများနှင့် စစ်ဘေးရှောင်များမှာ အရေးပေါ်ရွှေ့ပြောင်းနေကြရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

လက်ရှိတွင် မူးမြစ်စီးဆင်းရာတစ်လျှောက်ရှိ ရေဦး၊ ခင်ဦး၊ တန့်ဆည်၊ ကန့်ဘလူ၊ ကျွန်းလှ၊ ရွှေဘို၊ ဒီပဲယင်း၊ အရာတော်၊ ကောလင်း၊ ဝက်လက်နှင့် မြင်းမူ စသည့် မြို့နယ်များ၌ ရေကြီးရေလျှံမှုများ ဆိုးရွားစွာ ဖြစ်ပေါ်နေ သည်။

ထို့ကြောင့် ဒေသခံ သောင်းနှင့်ချီမှာ ရေဘေးသင့်၍ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေကြရသလို တန့်ဆည် အရှေ့ ခြမ်းနှင့် ရေဦး၊ တန့်ဆည်အစပ်ရှိ စစ်ဘေးရှောင်စခန်း လေးခုမှာလည်း မူးမြစ်ရေပြင်နှင့် တစ်ပြေးတည်း ဖြစ်လာ ကာ စစ်ရှောင်တဲများနှင့် နွား၊ လှည်း စသည်တို့မှာလည်း ရေစီးအတွင်း မျောပါမှုများ ရှိနေကြောင်း ဒေသခံများ က ဆိုသည်။

စစ်ကိုင်းတိုင်း မြေပြင်သတင်းရင်းမြစ်က “ကောလင်းခရိုင်၊ ကသာခရိုင်တွေဘက် မိုးအဆက်မပြတ်ရွာရာကနေ မြစ်ချောင်းတွေရေလျှံပြီး သဖန်းဆိပ်ဆည်ထဲကို ရေအဝင်များတာ။ ကောလင်းနယ်ဘက်က ဒေါင်းမြူးချောင်း လို ချောင်းကြီးတွေက ရေတအားကျတယ်။ အဲ့ကနေ မူးမြစ်ထဲစီးတယ်။ မူးမြစ်ကလည်း ရေတအားများတယ်။ မူးမြစ်က သဖန်းဆိပ်ဆည်ထဲ စီးဝင်တယ်။ သဖန်းဆိပ်ဆည်က ကန်ရေပြည့်အမှတ် ၅၄၅ ပေမပြည့်မီအလို ၅၄၃ ပေမှာ ရေမထိန်းနိုင်တော့တဲ့အတွက် ရေပိုလွှဲတွေကနေတဆင့် ရေလွှတ်တာပါ။ သဖန်းဆိပ်ဆည်က မူးမြစ်ကိုပိတ်ပြီး ဆည်ဆောက်ထားတာဆိုတော့ ဆည်အောက်ဘက်က မူးမြစ်က ရေအရမ်း များတာပါ” ဟု ပြောသည်။

ဩဂုတ်လ ၄ ရက်နေ့ကစတင်ကာ စစ်ကိုင်းအထက်ပိုင်းဒေသများ၌ မိုးကြီးခဲ့ခြင်းကြောင့် မြစ်နှင့်ချောင်းများ ရေတိုးလာပြီး သဖန်းဆိပ်ရေလှောင်တမံ၊ ကင်းတပ်ရေလွှဲဆည်နှင့် ကာဘိုးဆည်တို့မှ ရေပိုများကို မူးမြစ်ထဲသို့ လွှဲချခြင်း၊ မိုးဆက်လက်ရွာသွန်းမှုကြောင့် မြစ်ရေတက်လာခြင်းတို့ကြောင့် မူးမြစ်နှင့် မူးမြစ်လက်တက် မြစ်ချောင်းများတွင် ထူးကဲစွာ မြစ်ရေမြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် မူးမြစ်နှင့် အနီးအနားရှိ ချောင်းများအနီးရှိ စိုက်ခင်းများပါ ရေလွှမ်းနစ်မြုပ်မှုများ ဖြစ်ပေါ်လျက်ရှိပြီး လက်ရှိတွင်လည်း မိုးဆက်လက်ရွာသွန်းနေဆဲဖြစ်သဖြင့် မူးမြစ်ရေမှာ ယခုအခြေအနေထက် ဆက်လက် တက်လာနိုင်သေးကြောင်း သတင်းရင်းမြစ်က ဆိုသည်။

ထိုသို့ ပြင်းထန်သော ရေဘေးသင့်နေသည့်ကြားမှပင် စစ်အုပ်စုတပ်က အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဩဂုတ်လ ၇ ရက်နေ့ နံနက်ပိုင်းကလည်း ရေဘေးသင့်နေသည့် ခင်ဦးမြို့နယ်အရှေ့ဘက်ခြမ်းကို စစ်အုပ်စုတပ် က လေကြောင်းမှတစ်ဆင့် အသေခံဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သလို ဩဂုတ်လ ၆ ရက်နေ့ကလည်း ဝက်လက် မြို့နယ်၊ ကမ်းဖြူရွာ စာသင်ကျောင်းကို လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည်။

ရေဘေးသင့်ပြည်သူများအား ကယ်ဆယ်ကူညီရေး ဆောင်ရွက်နေသည့် လူငယ်တစ်ဦးက “ရွှေ့ပြောင်းရေးက တော့ ဒေသကာကွယ်ရေးတွေ၊ ပကဖတွေက နေရာချထားရေး၊ ကယ်ဆယ်ရေးတွေ စပြီးလုပ်နေတယ်။ လူ သားစာနာအဖွဲ့တွေကလည်း လိုအပ်တာတွေ လုပ်နေကြပြီ။ NUG ဘက်ကတော့ စပြီး ရိက္ခာကူဖို့တွေ ပြင်ဆင် နေပြီ။ ဒါပေမဲ့လည်း မြို့နယ်တစ်ခုချင်းစီမှာ ရေလွှမ်းမိုးမှုဧရိယာတွေက အင်မတန်မှကို များပြားနေတာ ဆို တော့ တာဝန်ယူမှုအပိုင်းမှာတော့ နည်းပါးဦးမယ်။ အကုန်လုံးကနေ ဝိုင်းဝန်းတာဝန်ယူဆောင်ရွက်မှ အဆင်ပြေ ပါလိမ့်မယ်” ဟု ပြောသည်။

ရေကြီးရေလျှံမှုများ ဖြစ်ပွားနေစဉ်အတွင်း တံတားနှစ်စင်းမှာ ရေစီးနှင့်အတူ မျောပါသွားခဲ့ပြီး ဒီပဲယင်းမြို့နယ်၊ ချောင်းရိုးရွာမှ ကောက်စိုက်ပြန်လာကြသည့် ကောက်စိုက်သမ ၁၀ ဦးမှာလည်း ချောင်းဖြတ်ကူးစဉ် ရေတိုးလာ သဖြင့် ရေစီးနှင့်မျောပါကာ ခြောက်ဦး သေဆုံးခဲ့ရသည်။ လက်ရှိတွင် ရေဘေးသင့်ဒေသများအတွက် အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများအပြင် ရိက္ခာ၊ ဆေးဝါးနှင့် သောက်သုံးရေ စသည့် အခြေခံလိုအပ်ချက်များ အရေးတ ကြီး လိုအပ်နေဆဲဖြစ်သည်။

“လိုတာတွေကတော့ အများကြီးပဲဗျ။ ကယ်ဆယ်ရေးကတော့ အဓိကပေါ့။ နောက် ရိက္ခာတွေ၊ နေရာချထား ရေးတွေ၊ ဆေးဝါးတွေ လိုအပ်တာတွေတော့ အများကြီးပါ” ဟု စစ်ကိုင်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

လက်ရှိတွင် နိုင်ငံအနှံ့အပြား၌ မိုးကြီးမှုများ ဆက်လက်ဖြစ်ပေါ်နေပြီး ဧရာဝတီတိုင်းအတွင်း ငဝန်မြစ်ရေကာတာ ကျိုးပေါက်မှုကြောင့် လေးမျက်နှာ၊ အိုင်သပြု၊ ကျုံပျော်၊ ဟင်္သာတ၊ ရေကြည်နှင့် ငါးသိုင်းချောင်းတို့တွင် လည်းကောင်း၊ မန္တလေးတိုင်းတွင် ဆည်တော်ကြီးရေလှောင်တမံ ရေလျှံ၍ ဆည်အောက်ပိုင်း မတ္တရာမြို့နယ်ရှိ ကျေးရွာများတွင်လည်းကောင်း ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပွားလျက်ရှိနေသည်။ 

ဓါတ်ပုံ - ပုံဟောင်း (လားရှိုးမြို့ အဝင်အထွက်တွင် ကုန်ကားများကို စစ်ဆေးနေစဉ်)
August 7, 2026
ရှမ်းပြည် မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်း သွားလာနေကြသည့် ကုန်တင်မော်တော်ယာဉ်...
August 7, 2026
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းအုပ်စု၊ အင်တိုင်းကုန်းကျေးရွာကို စစ်တပ်က Y...
August 6, 2026
မလေးရှားအစိုးရသည် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်နေသည့် ဒုက္ခသည် ၅,၀၀၀ ခန့်အနက် အသက်...
August 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်ရှိ ပန်ဆောင်မြို့နှင့်...