ပုဏ္ဏားကျွန်းအမှုတွင် မုဒိမ်းကျင့်သတ်ဖြတ်သူကို သေဒဏ်နှင့် နှစ်ဦးကို ထောင်ဒဏ် ၂၀ နှစ် ချမှတ်

ပုဏ္ဏားကျွန်းအမှုတွင် မုဒိမ်းကျင့်သတ်ဖြတ်သူကို သေဒဏ်နှင့် နှစ်ဦးကို ထောင်ဒဏ် ၂၀ နှစ် ချမှတ်

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် မုဒိမ်းကျင့်လူသတ်မှုနှင့်ပတ်သက်၍ တရားခံသုံးဦးအနက် တစ်ဦးကို မသေမချင်း လည်ပင်းကြိုးကွင်းစွပ်၍ သတ်စေရန် သေဒဏ်ချမှတ်ခဲ့ပြီး ကျန်တရားခံနှစ်ဦးကိုမူ ထောင်ဒဏ် နှစ် ၂၀ စီ အသီးသီး ချမှတ်လိုက်သည်။

အဆိုပါ ပြစ်ဒဏ်ချမှတ်မှုနှင့်ပတ်သက်၍ “ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်ရပ်ရွာနေ (အဖ) ဦးသာထွန်းစံ၏သား - (၁) တရားခံ မောင်တင်ဝင်းမာ ရာဇသတ်ကြီးပုဒ်မ - ၃၀၂(၁)(ဂ) အရ ပြစ်မှုထင်ရှားပေါ်ပေါက်သဖြင့် ယင်း ဥပဒေ၊ ယင်းပုဒ်မအရ မသေမချင်း လည်ပင်းကြိုးကွင်းစွပ်၍ သတ်စေ” ဟု အာရက္ခမှုခင်းနှင့် ဆက်စပ်သတင်း များ ထုတ်ပြန်ရေးအဖွဲ့၏ ဩဂုတ်လ ၆ ရက်နေ့ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

အမျိုးသမီးအား မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ကြောင်း ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်ကျေးရွာ၊ ကျားလောင်ပွန်းဘုန်း ကြီးကျောင်းရှိ ယာယီစစ်ရှောင်စခန်းတွင် နေထိုင်သူဖြစ်ပြီး ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်းကြီးရွာမှ (အဖ) ဦးသာထွန်းစံ၏ သားဖြစ်သူ မောင်တင်ဝင်း (၃၇ နှစ်) က ဝန်ခံထွက်ဆိုခဲ့ကြောင်း မှုခင်းသတင်းထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ထို့ပြင် ကျန်တရားခံနှစ်ဦးနှင့်ပတ်သက်၍လည်း “ပုဏ္ဏားကျွန်းမြို့နယ်၊ ကြံခင်းစစ်ရှောင်စခန်းနေ (အဖ) ဦးကျော်ဆန်း ၏သား - (၂) တရားခံ အေးကျော် (ခ) မောင်ပုမာ ရာဇသတ်ကြီးပုဒ်မ - ၃၆၄ အရ ပြစ်မှုထင်ရှား ပေါ်ပေါက်သဖြင့် ယင်းဥပဒေ၊ ယင်းပုဒ်မအရ ထောင်ဒဏ် (၂၀) နှစ် ကျခံစေ” ဟု အမိန့်ချမှတ်ခဲ့သည်။

ယခုကဲ့သို့ အမြန်ဆုံး အမိန့်ချမှတ်နိုင်ခဲ့ခြင်းအပေါ် အာရက္ခတပ်တော် တရားရေးနှင့် နီးစပ်သူ ရှေ့နေတစ်ဦးက ယခုကဲ့သို့ သုံးသပ်ပြောဆိုသည်။

“အမှုက လူထုစိတ်ဝင်စားတယ်၊ မခံမရနိုင် ဖြစ်နေကြတော့ အေအေက စောစောအမိန့်ချနိုင်အောင် ဆောင်ရွက် ခဲ့တာလို့ ထင်ပါတယ်။ ဝေဖန်တာတွေကို မပြောလိုပါဘူး။ အခုအမိန့်ချလိုက်ပြီဆိုတော့ ရှင်းသွားပါပြီ၊ ဩဂုတ် လ ၅ ရက်နေ့က စစ်တွေခရိုင်တရားရုံးက ချမှတ်တာပါ။ တရားခံတွေကို ချုပ်ရက်ခံစားဖို့ ဘေးတွဲဆိုင်ကယ် ၂ စီးပိုင်ရှင်ကို ပြန်ပေးဖို့လည်း ပါပါတယ်။”

တရားခံများသည် ဇူလိုင်လ ၂၃ ရက်နေ့မှ ဩဂုတ်လ ၅ ရက်နေ့အထိ ချုပ်ရက်များကို ထုတ်နှုတ်ခံစားစေပြီး ရှာဖွေပုံစံ (ဏ) ဖြင့် သိမ်းဆည်းထားသော ဘေးတွဲဆိုင်ကယ် နှစ်စီးအား ပိုင်ရှင်ထံ ပြန်လည်ပေးအပ်စေကာ ကျန်သက်သေခံပစ္စည်းများကို ဖျက်ဆီးစေပြီး အမှုအား “အမှုမှန်” ဟု သတ်မှတ်ကြောင်း တရားရုံးက ဆိုထား သည်။

အဆိုပါအမှုမှာ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့၊ ည ၁၀ နာရီအချိန်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ တန်းစွယ်ကျေးရွာ အနောက်ဘက် တောင်ခြေရင်းအောက် မြောင်းစပ်၌ လူတစ်ဦး သေဆုံးနေကြောင်း သတင်းရရှိသဖြင့် ကျေးရွာ အုပ်ချုပ်ရေး တာဝန်ရှိသူများနှင့်အတူ ဒီလပ်တာဝန်ရှိသူများက အခင်းဖြစ်ပွားရာ နေရာသို့ သွားရောက် စစ်ဆေး ခဲ့ရာမှ စတင်ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

စစ်တွေခရိုင်တရားရုံးသည် အဆိုပါအမှုကို ၂၀၂၆ ခုနှစ်၊ ရာဇဝတ်ကြီးမှုအမှတ် - ၃၅ ဖြင့် တရားလိုဘက်မှ ခရိုင် ဥပဒေအရာရှိတစ်ဦးနှင့် တရားခံဘက်မှ ဥပဒေအကျိုးဆောင် တစ်ဦးတို့ကို တာဝန်ပေးအပ်ကာ လိုပြသက်သေ ၁၉ ဦးအပါအဝင် နှစ်ဖက်စစ်ဆေးမှုများကို ပြုလုပ်ခဲ့ပြီးနောက် ဩဂုတ်လ ၂ ရက်နေ့တွင် စွဲချက်အမိန့် ချမှတ်ခဲ့ ခြင်း ဖြစ်သည်။

August 8, 2026
စစ်အုပ်စုကို ပြန်လည် ထိတွေ့ဆက်ဆံရန် ထိုင်းနိုင်ငံက အာဆီယံကို တိုက်တွန်းပြောဆိုထားသော်လည်း လက်ရှိ...
August 7, 2026
မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် တောင်ကျရေများ စီးဆင်းမှုတို့ကြောင့် ရခိုင်ပြည်၊ မြေပုံမြို့နယ်...
ဓာတ်ပုံ - NMG (ပုံဟောင်း)
August 7, 2026
ကချင်ပြည်မြောက်ဖျားပိုင်း ခေါင်လန်ဖူးမြို့နယ်အတွင်း၌ စစ်အုပ်စုတပ်က အင်အားဖြည့်တင်းမှုများ...
ဓာတ်ပုံ - AFP (ပုံဟောင်း)
August 7, 2026
ကချင်ပြည် အတွင်းရှိ မြို့နယ် ၅ ခုတွင် စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့အကြား စစ်ရေး...