ရေးနှင့် ချောင်းဆုံမြို့နယ် NLD ရုံး ၂ ရုံး ဗုံးခွဲဖျက်ဆီးခံရ

ရေးနှင့် ချောင်းဆုံမြို့နယ် NLD ရုံး ၂ ရုံး ဗုံးခွဲဖျက်ဆီးခံရ

မွန်ပြည်နယ် ရေးနှင့် ချောင်းဆုံမြို့ပေါ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ် NLD ရုံး ၂ ရုံး နိုဝင်ဘာ ၁၂ ရက်နေ့ ညပိုင်းတွင် ဗုံးဖောက်ခွဲဖျက်ဆီးခံခဲ့ရကြောင်း  သတင်းရရှိသည်။

အဆိုပါပေါက်ကွဲမှုကြောင့် ရုံးအောက်ထပ်တွင် ပျက်စီးမှုပိုများကြောင်း ရေးမြို့နယ်ရဲမှူးက အတည်ပြုပြောကြားသည်။

ရေးမြို့နယ် ရဲမှူး သိန်းဇော်က “ကျွန်တော်တို့ သွားရောက်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ပျက်စီးမှုက အောက်ထပ်မှာ ပိုများပါတယ်။ ဘယ်အဖွဲ့အစည်းက လုပ်တာလဲမသိရသေးပါဘူး”ဟု ဆိုသည်။

ရေးမြို့နယ် NLD ရုံးသည် မြို့အပြင်ဖက် ရေး-မော်လမြိုင်သွား ကားလမ်းမဘေးတွင် တည်ဆောက်ထားကြောင်း၊

အဆိုပါ ဗုံးပေါက်ကွဲမှုကို ကိုယ်တိုင်ကြားခဲ့ရသည့် ရေးမြို့နေပြည်သူတစ်ဦးက ပေါက်ကွဲမှု ပြင်းထန်ပြီး အသံကျယ်လောင်ကြောင်း ဆိုသည်။

“ကျနော်က အဏ္ဏဝါရပ်ကွက်မှာနေတယ် NLD ရုံးနဲ့အဝေးကြီးပါ၊ ညသန်းခေါင် အိပ်ပျော်နေတဲ့အချိန် အုန်းကနဲပေါက်ကွဲသံ အကြီးကြီးကြောင့် ရုတ်တရက်လန့်နိုးသွားတာပဲ၊ ရေးတံတားပြိုကျသွားပြီလို့ ထင်နေတာ နောက်မှ NLD ရုံးဖြစ်မှန်း သိရတာ”ဟု ရေးမြို့ခံတစ်ဦးက ပြောသည်။

အလားတူ နိုဝင်ဘာလ ၁၂ ရက်နေ့ည သန်းခေါင်အချိန်တွင် ချောင်းဆုံမြို့ပေါ်ရှိ NLD ပါတီရုံးလည်း ဗုံးခွဲဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ချောင်းဆုံမြို့နယ် NLD ပါတီရုံးသည် မြို့မရဲစခန်းနှင့် မျက်စောင်းထိုးတွင် တည်ရှိပြီး ပေါက်ကွဲသောဗုံးပြင်းအားကြောင့် ရုံးတစ်ခုလုံးနီးပါး ပျက်စီး၍ အနီးအနားရှိအိမ်များကိုပါ အနည်းငယ် ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။

 အဆိုပါပေါက်ကွဲမှုကြောင့် အနီးနားရှိ အိမ်ပြတင်းပါက်မှန်များပွင့်ထွက်ခဲ့ပြီး နိုဝင်ဘာလ ၁၃ ရက်နံနက်ပိုင်းမှစပြီး ပိတ်ဆို့စစ်ဆေးမှုတွေပြုလုပ်ခဲ့ကြောင်း မြို့နယ်ရဲစခန်းမှသိရသည်။

မွန်ပြည်နယ်ရှိ မော်လမြိုင်၊ သထုံ၊ ကျိုက်ထို၊ ဘီးလင်းမြို့နယ်ရှိ NLD ပါတီမြို့နယ်ရုံးများ အောက်တိုဘာလ ၂၃ ရက်နေ့ကစတင်၍ ပေါက်ကွဲမှုများဆက်တိုက်ဖြစ်ပေါ် ခဲ့ရာတွင် အဓိက ဖောက်ခွဲခဲ့သည့်လက်သည် တရားခံများနှင့် အဖွဲ့အစည်းများကို မသိရသေးပေ။

အလားတူ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းကစပြီး တနိုင်ငံလုံးရှိ NLD ပါတီ ရုံးမ်ားတိုက်ခိုက်ခံရမှု အကြိမ်ပေါင်း ၄၆ ကြိမ်ရှိပြီဖြစ်ကြောင်း၊ ပုဒ်မ ၁၄၄ ထုတ်ထားသည့် ညပိုင်းအချိန်များတွင် ကျူးလွန်နေသည်ကို တွေ့ရကြောင်း NLD ပါတီဗဟိုပြောခွင့်ရ ဦးကျော်ထွေးက နိုဝင်ဘာ ၁ ရက်တွင် ဗွီအိုအေကို ပြောကြားခဲ့သည်။

March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...