လက္ကာရွာသား ၂၀ ကျော်အမှု အမိန့်ချမည့်နေ့ ထပ်မံရွှေ့ဆိုင်း

လက္ကာရွာသား ၂၀ ကျော်အမှု အမိန့်ချမည့်နေ့ ထပ်မံရွှေ့ဆိုင်း

အကြမ်းဖက်မှုဥပဒေဖြင့် တရားစွဲခံထားရသည့် မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာသား ၂၀ ကျော်၏အမှုတွင် စစ်ဆေးမှုအားလုံးပြီးစီးပြီဖြစ်သော်လည်း နိုဝင်ဘာ ၅ ရက်နေ့ ရုံးချိန်း၌ အမိန့်ချမှတ်ခြင်းမရှိဘဲ ရုံးချိန်းထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။

 

လက္ကာကျေးရွာသားများကို ယနေ့တွင် အမိန့်ချမှတ်ရန်ရုံးချိန်းသတ်မှတ်ထားသော်လည်း တရားရုံးမှ အဆင်သင့်မဖြစ်သေးဟုဆိုကာ အမိန့်မချမှတ်ခဲ့ကြောင်း မင်းထီး Law Firm အဖွဲ့မှ အထက်တန်းရှေ့နေ ဦးခိုင်သန့်ဇင်ကပြောသည်။

 

“တရားရုံးကအမိန့်ချဖို့အတွက် အဆင်အသင့်မဖြစ်သေးလို့ဆိုပြီး ဒီနေ့မှာအမိန့်မချဖြစ်ခဲ့ဘူးပေါ့။ တရားသူကြီးအပြောင်းအရွှေ့ရှိတယ်။ အဲဒါကြောင့်မို့ အမိန့်မချဖြစ်ခဲ့တာလည်း ဖြစ်နိုင်တယ်”ဟု ရှေ့နေဦးခိုင်သန့်ဇင်က ပြောသည်။

 

ဖမ်းဆီးခံလက္ကာကျေးရွာသားများ လွတ်မည်ဆိုသည့်မျှော်လင့်ချက်နှင့် မိသားစုဝင်များအားလုံး ယနေ့တရားရုံးသို့ ရောက်ရှိလာကြသော်လည်း လာမည့် နိုဝင်ဘာလ ၁၉ ရက်နေ့သို့ ထပ်မံရုံးချိန်းလိုက်ကြောင်း သိရသည်။

 

“ကျွန်မတို့ဒီကိုလာဖို့ ပိုက်ဆံမရှိဘူး။ ရွာကဆရာတော်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ဆီက လမ်းစရိတ်ပေးလို့ ရောက်လာတာ။ ဒီနေ့အမိန့်ချမယ်ဆိုလို့လာတာ။ အထက်က အမှုရုပ်သိမ်းမယ့်စာကို စောင့်နေတယ်လို့သိရတယ်။ အဲဒီစာကျမှ လွှတ်ပေးမယ်လို့ပြောတယ်"ဟု လက္ကာကျေးရွာမှဖမ်းဆီးခံထားရသူ ကိုခင်မောင်စိုး ဇနီး မသိန်းယေက ပြောသည်။

 

လက္ကာကျေးရွာသား ၂၀ ကျော်မှာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဧပြီလအတွင်းကတည်းက ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဆိုသည့် သံသယဖြင့်ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားရင်ဆိုင်နေရသည်မှာ ၃ နှစ်ခန့်ကြာမြင့်နေပြီ ဖြစ်သည်။

 

အဆိုပါကျေးရွာသားများကို ၆၀/၂၀၁၉ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀(က)၊ ၅၀(ဈ)၊ ၅၂(က)၊ ၅၄ ရာကြီးအမှတ် ၂/၂၀၂၀ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(က)၊ ၅၀(ဈ)၊ ၅၂(က)၊ ၅၄ နှင့် ၁၉၄၉ လက်နက်အရေးပေါ်(ယာယီ) ဥပဒေပုဒ်မ- ၂၁(က)တို့ဖြင့် တရားစွဲဆိုခံထားရသည်။

 

ရက္ခိုင့်တပ်တော်(ULA/AA)ကို ၂၀၂၁ မတ် ၁၁ ရက်နေ့တွင် အကြမ်းဖက်အဖွဲ့အဖြစ်မှပြန်လည်ရုပ်သိမ်းခဲ့ပြီးနောက် ရခိုင်ပြည်အတွင်းမှ အကြမ်းဖက်မှုနှင့်တရားစွဲဆိုခံထားရသူများ၏ အမှုအချို့ကိုရုပ်သိမ်းကာ ပြန်လွှတ်ပေးမှုများရှိလာသည်။

 

သို့သော် လက္ကာကျေးရွာသားများကဲ့သို့ နှစ်ရှည်ကြာချုပ်နှောင်ခံနေကြရသည့်အမှုများမှာ ယနေ့အချိန်အထိ လွတ်မြောက်လာခြင်း မရှိသေးပေ။

 

အပြစ်မဲ့ပြည်သူများကို လူသားမဆန်စွာ နှစ်ရှည်ကြာချုပ်နှောင်ထားခြင်းကိုကန့်ကွက်ကြောင်း ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက ပြောသည်။

 

“သူတို့ကို အမြန်ဆုံးတရားစီရင်ပြီးတော့ လွှတ်ပေးသင့်ပြီလို့ တိုက်တွန်းချင်တယ်။ လွှတ်လည်းလွှတ်ပေးဖို့ကောင်းနေပါပြီ။ လူသားတွေအနေနဲ့ ဒီလောက်ထိ လူသားမဆန်စွာချုပ်နှောင်ထားဖို့ မသင့်ဘူးလို့ပြောချင်တယ်”ဟု ဒေါ်ညိုအေးကပြောသည်။

 

ရခိုင်ပြည်တွင် နှစ်ဖက်လက်နက်ကိုင်တိုက်ပွဲဖြစ်ပွားခဲ့သည့် ၂ နှစ်တာကာလအတွင်း ရခိုင်တွင် AA နှင့်ဆက်စပ်သည်ဆိုသည့်သံသယဖြင့် ဖမ်းဆီးခံရသူ ၂၀၀ ကျော်အထိရှိခဲ့ပြီး လက်ရှိတွင် မလွတ်မြောက်သေးသူ ၁၀၀ ကျော်အထိ ကျန်ရှိနေသေးသည်။

Most read this week

ဓါတ်ပုံ - ကျောက်တော်မြို့တွင်းတစ်နေရာ (ပုံဟောင်း)
August 14, 2026
ရခိုင်ပြည်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်အချို့တွင် ယခု နောက်ပိုင်း...
ဓာတ်ပုံ - ဩဂုတ်လ ၁၀ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးရွာ ဗုံးကြဲခံရသည့် မြင်ကွင်း/Photo Credit - CJ
August 13, 2026
စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နှင့် ချင်းပြည်၊...
August 13, 2026
စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဒေသခံများ...
AA Info Desk (အမ်းမြို့နယ်၊ တလိုင်းတောင်ကျေးရွာ လေကြောင်းမှ ဗုံးကြဲခံရသည့် မြင်ကွင်း)
August 11, 2026
ရခိုင်ရိုးမပေါ်တွင် တစ်ခုတည်း ကျန်ရှိတော့သည့် နတ်ရေကန် ဗျူဟာကုန်းစခန်းအနီး တိုက်ပွဲများတွင်...