နတ်ရေကန်တွင် အထိနာသည့် စစ်တပ် အရပ်သားနေရာများကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်

နတ်ရေကန်တွင် အထိနာသည့် စစ်တပ် အရပ်သားနေရာများကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်
AA Info Desk (အမ်းမြို့နယ်၊ တလိုင်းတောင်ကျေးရွာ လေကြောင်းမှ ဗုံးကြဲခံရသည့် မြင်ကွင်း)
AA Info Desk (အမ်းမြို့နယ်၊ တလိုင်းတောင်ကျေးရွာ လေကြောင်းမှ ဗုံးကြဲခံရသည့် မြင်ကွင်း)

ရခိုင်ရိုးမပေါ်တွင် တစ်ခုတည်း ကျန်ရှိတော့သည့် နတ်ရေကန် ဗျူဟာကုန်းစခန်းအနီး တိုက်ပွဲများတွင် အထိနာ နေသည့် စစ်တပ်သည် အရပ်သားများ နေထိုင်ရာ နေရာများကို လေကြောင်းမှ တိုက်ခိုက်၍ အာရက္ခတပ်တော် (AA) ၏ စစ်ရေးလှုပ်ရှားမှုကို လျှော့ချရန် ကြိုးပမ်းလာသည်။

ဇူလိုင်လကုန်ပိုင်းမှစ၍ နတ်ရေကန်သို့ အင်အားဖြည့်လာသည့် စစ်တပ် ယာဉ်တန်းများ တိုက်ခိုက်ခံနေရသဖြင့် ဗျူဟာကုန်း အနီးတစ်ဝိုက် နေရာများကို နေ့စဉ်ရက်ဆက် လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “နတ်ရေကန်အနီး စစ်တပ်က နိစ္စဓူဝ လေကြောင်းကနေ လာပြီး ဗုံးကြဲတာ တွေ ရှိတယ်။ ဩဂုတ်လ ၈ ရက်နေ့ကလည်း လေယာဉ် အုပ်စုလိုက်သုံးပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာရှိတယ်။ အဓိကတော့ မြေပြင်မှာ သူတို့ရဲ့ စစ်ကူပို့မရတာ၊ မြေပြင်စစ်ကြောင်းတွေ အထိနာနေတာကြောင့် လေကြောင်း ကနေ တိုက်ခိုက်ပြီး သတင်းတွေ ဖုံးဖို့ ကြိုးပမ်းနေတာ” ဟု ပြောသည်။

ထို့ကြောင့် စစ်တပ်သည် လေကြောင်းပစ်ကူ အသုံးပြု၍ AA ၏ နောက်တန်းစစ်မျက်နှာ ဖြစ်သော အမ်းမြို့ နယ်ကို ဗုံးကြဲတိုက်ခိုက်ကာ စစ်ရေးဖိအားပေးရန် ကြိုးပမ်းလာခြင်းဖြစ်သည်။

ဩဂုတ်လ ၈ ရက်တွင် နတ်ရေကန်အနီး လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်ခဲ့သည့်အပြင် အမ်းမြို့နယ်၊ တလိုင်းတောင်ကျေးရွာကိုလည်း ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သား နှစ်ဦး သေဆုံးကာ သုံးဦး ဒဏ်ရာရရှိခဲ့သည်။

ထိုသို့ မြေပြင်တွင် စစ်ရေးအရ ရှုံးနိမ့်နေသဖြင့် အရပ်သားများ နေထိုင်ရာကို ပစ်မှတ်ထားကာ လေကြောင်းမှ တိုက်ခိုက်ပြီး AA အပေါ် စစ်ရေးအရ ဖိအားပေးနေခြင်းလည်း ဖြစ်သည်။

အမ်းဒေသခံ အမျိုးသားတစ်ဦးက “သူတို့က နတ်ရေကန်ဘက်ကို စစ်ကူပို့တာ မအောင်မြင်တာ၊ မြေပြင်က စစ်ကြောင်းတွေ အထိနာနေတာကြောင့် အမ်းဘက်က အရပ်ဘက်ပစ်မှတ်တွေကို ဦးတည်ပြီး စစ်ရေးအရ တိုက်ခိုက်လာတာ။ တလိုင်းတောင်ရွာ လေကြောင်းတိုက်ခိုက်မှုဆိုရင် သီးသန့် အရပ်ဘက်ကို ဦးတည်ပြီး တိုက်ခိုက်သွားတာ။ ဒေသခံတွေကတော့ လေကြောင်းအန္တရာယ်ဆို အရမ်းသတိထားနေကြရတယ်” ဟု ပြောသည်။

အမ်းမြို့နယ်အတွင်း စစ်တပ်က မကြာခဏ လေကြောင်းမှ ကင်းထောက်မှုများ ပြုလုပ်နေသည့်အတွက် လေကြောင်းအန္တရာယ်ကို စိုးရိမ်နေရကြောင်းလည်း ဒေသခံများက ပြောဆိုကြသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တည်ရှိရာ အမ်းမြို့နယ်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလကတည်းက အာရက္ခတပ် တော် (AA) က သိမ်းပိုက်ထိန်းချုပ်ထားခြင်း ဖြစ်ပြီး စစ်ကောင်စီတပ်က မကြာခဏ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်လျက်ရှိသည်။

နတ်ရေကန် ဗျူဟာကုန်းကို စစ်တပ်တပ်က တပ်မ ၇၇၊ တပ်မ ၉၉၊ စကခ ၁၀၊ စကခ ၁၄ နှင့် စကခ ၁၇ တို့မှ ထုတ်နုတ်အင်အားများနှင့် ပြည်သူ့စစ်များ ပူးပေါင်းကာ အလှည့်ကျ ခုခံတိုက်ခိုက်နေခြင်း ဖြစ်သည်။

PYA / ယခုနှစ်အတွင်း ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး၏ လူမှုကူညီရေး ဆောင်ရွက်နေမှု။
September 1, 2026
ရခိုင်ပြည်အတွင်း လူမှုကူညီရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြေပြင်သတင်းအချက်အလက် ရရှိမှု...
August 31, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်သို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ဧရာဝတီတိုင်းဘက်မှတစ်ဆင့် ရခိုင်ပြည်...
August 31, 2026
ရခိုင်ဒေသတွင် စစ်ရေးအခြေအနေသည် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာခြင်းနှင့်...
ဓာတ်ပုံ - (DMG / ကျောက်တော်မြို့နယ်၊ ရထားဘူတာ စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင် ကလေးငယ် အချို့။)
August 31, 2026
ရခိုင်ပြည်တွင် စစ်ဘေးရှောင် ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များမှာ စားဝတ်နေရေး အခက်အခဲ...