AA ထိန်းချုပ်ဒေသအချို့တွင် ခိုးမှုများ ဆက်တိုက်ဖြစ်ပွားနေ

AA ထိန်းချုပ်ဒေသအချို့တွင် ခိုးမှုများ ဆက်တိုက်ဖြစ်ပွားနေ
ဓါတ်ပုံ - ကျောက်တော်မြို့တွင်းတစ်နေရာ (ပုံဟောင်း)
ဓါတ်ပုံ - ကျောက်တော်မြို့တွင်းတစ်နေရာ (ပုံဟောင်း)

ရခိုင်ပြည်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်အချို့တွင် ယခု နောက်ပိုင်း ခိုးမှုများ ဆက်တိုက်ဖြစ်ပေါ်နေကြောင်း ဒေသခံများက ပြောသည်။

ကျောက်တော်နှင့် ဘူးသီးတောင်မြို့နယ်များတွင် ယခုလအတွင်း ငွေသား၊ ရွှေ၊ ဆိုင်ကယ်နှင့် တန်ဖိုးရှိ အသုံး အဆောင်ပစ္စည်းများ ခိုးယူခံရမှု အများအပြား ရှိနေသည်။

ကျောက်တော်မြို့၊ မြို့သစ်ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် ပြီးခဲ့သည့် ဩဂုတ်လ ၄ ရက်က ရွှေ ၅ ကျပ်သားနှင့် ငွေသား သိန်း ၃၀ ခိုးယူခံခဲ့ရကြောင်း နေအိမ်ပိုင်ရှင် မမျိုးမျိုးအေးက ပြောသည်။

“မိုးလင်းလို့ ၅ နာရီခွဲ အိပ်ရာက ထမှသိတယ်။ ခြံစည်းရိုးတံခါးဟပွင့်နေတယ်။ အိမ်ကအဒေါ်ကို မနေ့ညက အိမ်တံခါးမပိတ်လိုက်ရဘူးလားလို့ မေးတော့ သူက ချက်ချင်းထပြီး အိမ်ပေါ်တက်ကြည့်တယ်။ အဲဒီတော့ အိမ် ပေါ်မှာ ရွှံ့ခြေရာတွေ အပြည့်ပဲ။ အဒေါ်လည်း ငိုပြီးပြောတယ်။ တစ်ခုမှ မရှိတော့ဘူး အကုန်ပါကုန်ပြီဆိုပြီး တော့။ သေတ္တာကိုတောင် ထမ်းပြီးယူသွားပြီလို့ ပြောပါတယ်။ ကျမလည်း ချက်ချင်းငိုမိသွားတယ်။ အိမ်ပေါ် မှာက ပစ္စည်းတွေများတယ်။ အောက်မှာက ဘာမှရှိတာမရှိမဟုတ်ဘူး။”

အဆိုပါ ခိုးမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ ဒီလပ် (ULA/AA) ထံ တိုင်ကြားထားသော်လည်း ယနေ့အထိ ထူးခြားမှု မရှိသေးကြောင်း ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လကလည်း ကျောက်တော်မြို့၊ ရွာမရပ်ကွက်တွင် ဆိုင်ကယ် အခိုးခံရမှုနှင့် နေအိမ်ဖောက်ထွင်း ခံရမှုများ ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဆိုင်ကယ် အခိုးခံလိုက်ရသူ ဒေါ်ဌေးဌေးသန်းက “ငြိမ်းစတိုးရှေ့က အိမ်မှာ အဒေါ်ရပ်ထားတယ်။ အဒေါ်ကြည့် နေတုန်းပဲ မမြင်လိုက်တော့ဘူး။ အဒေါ်ကြည့်လိုက်တာနဲ့ မရှိတော့ဘူး။ အနီးကမြင်လိုက်တဲ့ လူတွေကတော့ လူတစ်ယောက် ဆိုင်ကယ်တွန်းသွားတာ တွေ့လိုက်တယ်တဲ့။ ရဲစခန်းကတော့ အကြောင်းမပြန်ဘူး၊ အဒေါ်က တော့ သွားပြီးမေးကြည့်တယ်။ ဘယ်လိုလဲ ထူးခြားတာတွေ ရှိလားပေါ့။ မြို့တွင်း လုံခြုံရေးကတော့ လုံခြုံမှု မရှိဘူး” ဟု ပြောသည်။

ဘူးသီးတောင်မြို့တွင်လည်း ခိုးမှုများပြားလာနေသဖြင့် ဒေသခံများမှာ စိုးရိမ်မှုမြင့်တက်နေပြီး လုံခြုံရေးကို အမြဲ သတိထားနေရကြောင်း ပြောဆိုကြသည်။

ဘူးသီးတောင်မြို့သည် တိုက်ပွဲကာလအတွင်း နေအိမ်၊ အဆောက်အအုံနှင့် ဈေးဆိုင်အများအပြား မီးလောင် ပျက်စီးခဲ့သဖြင့် အကာအရံများ မပြည့်စုံသည့်အတွက် မလုံခြုံဟု မြို့ခံများက ဆိုကြသည်။

ထို့ကြောင့် ဒေသခံများအနေဖြင့် ညအချိန်တွင် သူခိုးအန္တရာယ်မှ ကာကွယ်နိုင်ရန် ဓား၊ လှံ၊ ဓာတ်မီး စသည့် ပစ္စည်းများကို ဆောင်ထားရသည့် အခြေအနေများပင် ရှိနေသည်။

“ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ ခိုးမှုတွေ တအားဖြစ်တယ်။ ‌နေ့တိုင်းလိုဖြစ်တာ။ လက်ရှိ အခြေအနေကတော့ ဘူးသီးတောင်က မီးလောင်ထားတဲ့ နေရာဆိုတော့ အိမ်တွေကတော့ သိပ်မလုံခြုံဘူး။ ဒါကြောင့် ဒေသခံတွေ စိုးရိမ်မှုတွေကတော့ များကြတယ်။ ဒီလပ်ဘက်ကတော့ တရားခံ သံသယရှိသူတွေကိုတော့ ဖမ်းထားတယ်လို့ သိရတယ်၊ လူတွေပြောကြတယ်။ အတိအကျ ဟုတ်မဟုတ်တော့ မသိနိုင်ဘူး” ဟု ဘူးသီးတောင်မြို့ခံတစ်ဦးက ပြောသည်။

ယခုကဲ့သို့ ခိုးမှုအန္တရာယ် များပြားလာသောကြောင့် ညကင်းလှည့်မှုများပြုလုပ်၍ မြို့တွင်းလုံခြုံရေးကို တိုးမြှင့် ဆောင်ရွက်ပေးရန် မြို့ခံများက လိုလားနေကြသည်။

ရခိုင်ပြည် တွင် စစ်ရေးပဋိပက္ခများနှင့်အတူ အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်းမြင့်တက်မှုများကြောင့် ဒေသခံ များမှာ စားဝတ်နေရေး ကျပ်တည်းမှုဒဏ်ကို ဆိုးရွားစွာ ရင်ဆိုင်နေကြရပြီး နောက်ဆက်တွဲအဖြစ် ယခုကဲ့သို့ မလုံခြုံမှုများ ဖြစ်ပေါ်လာနေခြင်း ဖြစ်သည်။

Most read this week

မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...
စစ်တွေမြို့နယ်၊ ဘာဆာ မူဆလင်ကျေးရွာမှ မိသားစုတစ်စုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
September 3, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ မူဆလင်ကျေးရွာများနှင့် ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော...