သံတွဲဒေသခံများ ဗုံးကြဲမှုဒဏ်အပြင် စားဝတ်နေရေး အခက်အခဲပါ ရင်ဆိုင်နေရ

သံတွဲဒေသခံများ ဗုံးကြဲမှုဒဏ်အပြင် စားဝတ်နေရေး အခက်အခဲပါ ရင်ဆိုင်နေရ

စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဒေသခံများ လုပ်ကိုင် စားသောက်ရေး အဆင်မပြေတော့သဖြင့် စားဝတ်နေရေး အခက်အခဲနှင့် ရင်ဆိုင်နေကြရသည်။

စစ်တပ်က နေ့စဉ်နှင့်အမျှ လေကြောင်းမှ ကင်းထောက်ကာ နေရာအနှံ့ ဗုံးကြဲနေ၍ ဒေသခံများမှာ နေ့စဉ်ပုံမှန် လုပ်ငန်းများ ရပ်ဆိုင်းထားရကာ စားရေးသောက်ရေးပိုင်းတွင် ရိုက်ခတ်မှုများ ရှိလာကြောင်း ပြောကြသည်။

“ဟင်းသီးဟင်းရွက်ရောင်း၊ ဈေးရောင်းနဲ့ ကြုံရာကို လုပ်စားနေကြတာ။ လုပ်စားတာကလည်း ဈေးမှာ လုပ် စားရတာ။ လေယာဉ်တစ်ခါ လာပစ်ရင် ဈေးမရောင်းရတော့ဘူး။ တစ်ရက် မရောင်းရရင် တစ်ရက်စာ စားစရာ မရှိတော့ဘူး” ဟု သံတွဲဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ထိုသို့ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့်အတူ မိုးတွင်းကာလ ရေကြောင်းခရီးသွားလာမှု အခက်အခဲ ကြောင့် ရခိုင်မြောက်ပိုင်းမှ ကုန်စည်တင်ပို့ရောင်းချမှုများ လျော့နည်းလာ၍ ဒေသတွင်း၌ အခြေခံစားသောက် ကုန်ဈေးနှုန်းများ မြင့်တက်လာနေခြင်း ဖြစ်သည်။

လက်ရှိ သံတွဲမြို့နယ်တွင် ပေါ်ဆန်းမွှေးဆန် တစ်အိတ်လျှင် ငွေကျပ် ၂ သိန်း ၆ သောင်း၊ ဆန်ကြမ်း တစ်အိတ် လျှင် ငွေကျပ် ၂ သိန်း ၃ သောင်းနှင့် အိန္ဒိယဆန်ချေ တစ်အိတ်လျှင် ငွေကျပ် ၂ သိန်းထိ မြင့်တက်နေသည်။

သံတွဲဒေသခံ အမျိုးသားတစ်ဦးက “သံတွဲဘက်မှာ စပါးကလည်း သိပ်မစိုက်ပျိုးကြဘူး။ အများအားဖြင့် ကျောက်တော်ဘက်က စက်လှေတွေ၊ ဘုတ်တွေနဲ့ သွားဝယ်ကြရတာ။ နွေရာသီမှာ ခရီးသုံးခေါက် သွားနိုင်ပေမဲ့ မိုးရာသီမှာက တစ်ခေါက်လောက်ပဲ သွားနိုင်တယ်။ နောက်ပြီး စားမဲ့သူတွေ၊ ဝယ်သူတွေကသာ များလာတယ်။ ဆန်က မရှိဘူး။ အဲဒီတော့ ဆန်က တဖြည်းဖြည်း တက်လာတယ်” ဟု ပြောသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် သံတွဲမြို့နယ်အတွင်း အရပ်သား ထိခိုက်သေဆုံးမှု မြင့်တက်နေသည့်အပြင် နောက်ဆက်တွဲအဖြစ် ဒေသခံများ၏ နေ့စဉ်လူမှုဘဝ ရပ်တည်ရေးပါ ထိခိုက်မှု ခံစားနေရခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဩဂုတ် ၁၀ ရက် မွန်းလွဲပိုင်းတွင် သံတွဲမြို့နယ်ကို စစ်တပ်က ဗုံးကြဲခဲ့သဖြင့် ၁၄ ဦး သေဆုံးကာ ၁၁ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် အဆောက်အအုံ ၂၀ ကျော် ပျက်စီးသွားခဲ့၍ ပြန်လည်တည်ဆောက်ရေးအတွက် စိန်ခေါ်မှုများ ရှိနေသည်။

ဓာတ်ပုံ - (လေးဝတီလူမှုကူညီရေးအသင်း) လေးဝတီ လူမှုကူညီရေးအသင်းက သံတွဲစစ်ရှောင်များအား စားနပ်ရိက္ခာ ထောက်ပံ့ပေးနေစဉ် 

စစ်အုပ်စုတပ်၏ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုတစ်ခု။ / cincds
September 8, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ကို စစ်အုပ်စုတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေသည့်...
စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ /DMG
September 8, 2026
စစ်အုပ်စုတပ်က စစ်တွေမြို့နယ်မှတစ်ဆင့် မင်းချောင်းတံတားကို ဖြတ်၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့...
September 7, 2026
မြန်မာနိုင်ငံတစ်ဝန်း စစ်အုပ်စုတပ်က ကျူးလွန်နေသည့် အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေး...
ဓာတ်ပုံ - နိရဉ္စရာသတင်းဌာန
September 7, 2026
ရခိုင်ပြည်နှင့် မြန်မာနိုင်ငံတစ်ဝန်း လွတ်လပ်သော သတင်းမီဒီယာလုပ်ငန်းများမှာ နိုင်ငံရေးနှင့်...