ရခိုင်တွင် ၁၀ ဦးထက်မက အစုလိုက်အပြုံလိုက် သေဆုံးသည့် စစ်အုပ်စု၏ ဗုံးကြဲမှု ၁၁ ခုရှိလာ

ရခိုင်တွင် ၁၀ ဦးထက်မက အစုလိုက်အပြုံလိုက် သေဆုံးသည့် စစ်အုပ်စု၏ ဗုံးကြဲမှု ၁၁ ခုရှိလာ
ဓာတ်ပုံ - ဩဂုတ်လ ၁၀ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးရွာ ဗုံးကြဲခံရသည့် မြင်ကွင်း/Photo Credit - CJ
ဓာတ်ပုံ - ဩဂုတ်လ ၁၀ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးရွာ ဗုံးကြဲခံရသည့် မြင်ကွင်း/Photo Credit - CJ

စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင် ယခုနှစ်အတွင်း အရပ်သား ၁၀ ဦးနှင့်အထက် အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးသည့် ဖြစ်စဉ် ၁၁ ကြိမ်အထိ ရှိလာကြောင်း DMG မှ စာရင်းပြုစုထားချက်များအရ သိရသည်။

အဆိုပါ ဗုံးကြဲမှု ဖြစ်စဉ်များအတွင်း အရပ်သား သေဆုံးသူ ၈၉ ဦးနှင့် ဒဏ်ရာရရှိသူ ၁၃၉ ဦး၊ စုစုပေါင်း ထိခိုက် သေဆုံးသူ ၂၂၅ ဦးအထိ ရှိခဲ့သည်။

ထိုဖြစ်စဉ်များမှာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက် (ကျောက်တော်မြို့နယ်၊ ချောင်းတူ အကျဉ်းထောင် ဗုံးကြဲခံရမှု)၊ ဖေဖော်ဝါရီ ၁၂ ရက် (ကျောက်တော်မြို့ပေါ် ဗုံးကြဲခံရမှု)၊ ဖေဖော်ဝါရီ ၂၄ ရက် (ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေး ရွာ ဗုံးကြဲခံရမှု)၊ ဧပြီ ၁၉ ရက် (မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာ ဗုံးကြဲခံရမှု)၊ မေလ ၂၈ ရက် (ရမ်းဗြဲမြို့ နယ်၊ ပိန္နဲတောင်ရွာ ဗုံးကြဲခံရမှု)၊ ဇွန် ၁၅ ရက် (ဂွမြို့နယ်၊ ရမ္မာကျွန်း ဗုံးကြဲခံရမှု) နှင့် ဇွန် ၁၇ ရက် (ကျောက်တော် မြို့ ဗုံးကြဲခံရမှု) တို့ ဖြစ်ကြသည်။

ထို့ပြင် ဇူလိုင် ၁၉ ရက် (မအီမြို့ ဗုံးကြဲခံရမှု)၊ ဇူလိုင် ၂၃ ရက်နှင့် ၂၄ ရက် (သံတွဲမြို့ ဗုံးကြဲခံရမှု)၊ မကြာသေးမီက ဖြစ်ပွားခဲ့သည့် ဩဂုတ် ၁၀ ရက် (သံတွဲမြို့နယ်၊ ကျောက်ကြီးရွာ ဗုံးကြဲခံရမှု) အပြင် ချင်းပြည်နယ်၊ ပလက်ဝမြို့ ဗုံးကြဲခံရသည့် ဖြစ်စဉ်များလည်း ပါဝင်သည်။

စာရေးဆရာ ဝေဟင်အောင်က “ရက် ၁၀၀ စီမံကိန်း နောက်ပိုင်းကစပြီးတော့ ရွေးတုအစိုးရက ရခိုင်ပြည်ဘက်  ကို လေယာဉ်နဲ့ နေ့စဉ်ရက်ဆက် လေကြောင်းတိုက်ခိုက်တာတွေ ရှိပါတယ်။ ရွေးတုအစိုးရရဲ့ သဘော သဘာဝ ကတော့ သူရဲ့ ပင်ကိုစိတ်ကနေ အကြမ်းဖက်သမား ဗီဇရှိတယ်။ အကြမ်းဖက်သမား ဗီဇစိတ်ရှိတဲ့အတွက် သူတို့ က (စစ်အုပ်စု) စစ်မနိုင်တဲ့အချိန်မှာ ဖြစ်ဖြစ် ငြိမ်းချမ်းရေး စားပွဲဝိုင်းခေါ်တဲ့ဟာကို ဖြစ်ဖြစ် သူတို့ အလုပ် ဖြစ် အောင် ပြည်သူတွေကို ရက်စက်ပြတယ်၊ သတ်ပြတယ်၊ ကြမ်းကြုပ်ပြတဲ့ ပုံစံမျိုးရှိတယ်” ဟု ပြောသည်။

စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးမှုများအနက် ပုဏ္ဏား ကျွန်း ယိုးငူဖြစ်စဉ်၊ ကျောက်တော် ချောင်းတူအကျဉ်းထောင်ဖြစ်စဉ်၊ ကျောက်တော်မြို့ပေါ် ဗုံးကြဲမှုဖြစ်စဉ်နှင့် ယခုလအတွင်း ဖြစ်ပွားခဲ့သည့် သံတွဲ ကျောက်ကြီးရွာ ဗုံးကြဲခံရမှုတို့မှာ ထိခိုက်သေဆုံးမှု အများဆုံးနှင့် အထင် ရှားဆုံး ဖြစ်စဉ်များ ဖြစ်ခဲ့သည်။

ထိုဗုံးကြဲခံရမှု ဖြစ်စဉ် ၄ ခုအတွင်း၌ပင် အရပ်သား ထိခိုက်သေဆုံးသူ ၁၃၈ ဦးအထိ ရှိခဲ့သည်။

စစ်ရေး ရှုံးနိမ့်နေသော စစ်အုပ်စုတပ်သည် ရခိုင်ဒေသကို လေကြောင်းပစ်မှတ်အဖြစ် အဓိကထားကာ ပြည်သူများ အပေါ် အကြမ်းဖက်မှုများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း စစ်ရေးအကဲခတ်များက ရှုမြင်ကြသည်။

CDM ဗိုလ်ကြီး ဇင်ယော်က “အဆိုးရွားဆုံးနဲ့ အရက်စက်ဆုံး အချိန်လို့‌ ပြောရမယ်။ ရဲဝင်းဦး လက်ထက်မှာ ရခိုင်ကိုပဲ လေယာဉ် အုပ်ဖွဲ့ပြီး လေကြောင်း တိုက်ခိုက်နေပါတယ်။ ဒါပေမဲ့ လေကြောင်းအကြမ်းဖက်မှုတွေကို AA က တုန့်ပြန်နိုင်ခြင်း မရှိပါ။ အဲဒါကို အခွင့်ကောင်းယူပြီး ရက်ရက်စက်စက် လုပ်လာပါတယ်။ ဒေသတွင်း နိုင်ငံတွေ၊ နိုင်ငံတကာတွေ (No Fly Zone) လို့ သတ်မှတ်ရပါမယ်။ မဟုတ်ရင် ရခိုင်ပြည်သူတွေ ဆုံးရှုံးနစ်နာ မှုတွေ ဒီထက်ပိုပြီး ဆိုးရွားနိုင်ပါတယ်” ဟု ပြောသည်။

စစ်အုပ်စု ခေါင်းဆောင်ဟောင်း ဦးမင်းအောင်လှိုင်၏ ရက် ၁၀၀ စီမံကိန်းနှင့် တိုင်းရင်းသား လက်နက်ကိုင်များ အား ငြိမ်းချမ်းရေး ဖိတ်ခေါ်ခဲ့သော်လည်း မြေပြင်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို အပြင်းအထန် ပြုလုပ်ခဲ့သည်။

အထူးသဖြင့် ရခိုင်ဒေသတွင် စစ်အုပ်စုတပ်က အရပ်သားများ နေထိုင်ရာ မြို့/ရွာများကို ပစ်မှတ်ထား တိုက်ခိုက် ကာ AA အား အပေါ်စီးမှ ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ရန် ဖိအားပေးခဲ့ခြင်း ဖြစ်သည်။

ထိုသို့ စစ်အုပ်စုတပ်၏ အပြင်းအထန် လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူများမှာ နေ့စဉ်နှင့်အမျှ အသက်ဆုံးရှုံးနေကြရပြီး လက်ရှိတွင်လည်း ဗုံးကြဲမှုများ ရှိနေဆဲဖြစ်သည်။

စစ်အုပ်စုတပ်၏ ဗုံးကြဲမှုများကြောင့် ရခိုင်ပြည်သူများမှာ အသက်အန္တရာယ် လုံခြုံမှု ကင်းမဲ့နေကြရသလို နေ့စဉ် လူမှုဘဝ ရပ်တည်ရေးတွင်လည်း စိန်ခေါ်မှုများစွာ ဖြစ်ပေါ်လာနေသည်။

ရခိုင်ဒေသခံတစ်ဦးက “ရခိုင်ကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်ပြုလုပ်လာတဲ့အတွက် ဘယ်သွားသွား၊ ဘယ်လာလာ စိုးရိမ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါပေမဲ့ မိသားစု ဝမ်းရေးအတွက်ဆိုတော့ စိုးရိမ်မှုတွေ ရှိပေမဲ့ အားတင်းကာ ကြုံရင်ကြုံသလို လုပ်ကိုင်စားသောက်နေရပါတယ်” ဟု ပြောသည်။

ရခိုင်တွင် မြို့သိမ်းတိုက်ပွဲ စတင်ချိန်မှစ၍ စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများ မြင့်တက်နေပြီး တဆက်တည်းတွင် အစုလိုက်အပြုံလိုက် သေဆုံးသည့် ဖြစ်စဉ်များလည်း ပိုမိုများပြားလာသည်။

DMG ၏ စာရင်းများအရ တိုက်ပွဲများ စတင်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှ ယခု ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအထိ လူ ၁၀ ဦးနှင့်အထက် အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးမှုဖြစ်စဉ် ၂၄ ခုအထိ ရှိလာခဲ့ပြီ ဖြစ်သည်။

မြေပြင်စစ်မျက်နှာတွင် စစ်ရေးရှုံးနိမ့်နေသော စစ်အုပ်စုတပ်သည် လေကြောင်းတိုက်ခိုက်မှုများကို ယခင်ထက် ပို၍ ပြုလုပ်လာနေသဖြင့် ပြည်သူများအနေဖြင့် လေကြောင်းရန်ကို အထူးသတိပြုကြရန် အာရက္ခတပ်တော် (AA) က တိုက်တွန်းထားသည်။

စစ်တွေမြို့နယ်မှ မွတ်ဆလင်ဒုက္ခသည်စခန်းတစ်ခုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
August 18, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ကျေးရွာအချို့တွင် ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားမှုနှုန်း...
ဓါတ်ပုံ - (ပေးပို့) ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၁၄ ရက်နေ့က ဖုံသာချောင်းဒေသ နတ်ထောင့်ကျေးရွာ မူလွန်စာသင် ကျောင်းတွင် ပညာသင်ကြားနေသည့် ကလေးငယ်များကို တွေ့ရစဉ်။
August 18, 2026
ရခိုင်ပြည်၊ အဉ္ဇနပူရ (မင်းပြား) မြို့နယ်၊ ဖုံသာချောင်းဒေသရှိ နတ်ထောင့် (ရွာဟောင်း) ကျေးရွာတွင်...
(ပုံစာ - ၂၀၂၄ ခုနှစ်အတွင်းက တာမွေမြို့နယ်အတွင်း ဝမ်းပျက်/ဝမ်းလျှောရောဂါ ဖြစ်ပွားခဲ့သည့်နေရာများသို့ ကွင်းဆင်းနေကြစဉ် / ဓာတ်ပုံ - MOI)
August 17, 2026
ရန်ကုန်တိုင်းအတွင်း ကာလဝမ်းရောဂါဖြစ်သည့် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားသူ ၂၆၀ ကျော်လာနေပြီး...
AA Info Desk (ဩဂုတ်လ ၁၁ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို လေကြောင်း တိုက်ခိုက်မှု)
August 17, 2026
စစ်အုပ်စုတပ်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဩဂုတ်လ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ရခိုင်နှင့်...