ပြည်သူလူထု၏ အိုးအိမ်၊ ဘာသာရေးအဆောက်အအုံများအပေါ် စစ်ကောင်စီမှ ပစ်မှတ်ထားတိုက်ခိုက်နေမှုကို ရှုတ်ချကြောင်း PPST ထုတ်ပြန်

ပြည်သူလူထု၏ အိုးအိမ်၊ ဘာသာရေးအဆောက်အအုံများအပေါ် စစ်ကောင်စီမှ ပစ်မှတ်ထားတိုက်ခိုက်နေမှုကို ရှုတ်ချကြောင်း PPST ထုတ်ပြန်

 လက်ရှိနိုင်ငံတော်အာဏာကိုသိမ်းယူထားသည့် စစ်ကောင်စီအနေဖြင့် ပြည်သူလူထု၏အိုးအိမ်များ၊ ဘာသာရေးအဆောက်အအုံများအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေခြင်းကို ပြင်းထန်စွာရှုတ်ချကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)က နိုဝင်ဘာလ ၅ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

 

ပြီးခဲ့သည့် အောက်တိုဘာလ ၂၉ ရက်နေ့တွင်ဖြစ်ပွားခဲ့သော ချင်းပြည်နယ်၊ ထန်တလန်ကိစ္စအပါအဝင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ကရင်နီဒေသများတွင် စစ်ကောင်စီက ပြည်သူလူထု၏ အိုးအိမ်၊ ဘာသာရေးအဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်မှုများအပေါ် ပြင်းထန်စွာရှုတ်ချပြီး ကျူးလွန်သူများကိုလည်း အရေးယူပေးရန် PPST မှ တောင်းဆိုထားသည်။

 

PPST အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)အခြေခံမူ(၃)ချက်အပေါ် အခြေခံပြီး နိုင်ငံရေးအကျပ်အတည်းကိုဖြေရှင်းရန်ကြိုးပမ်းနေကြောင်း၊ ယင်းသို့ကြိုးပမ်းနေသည့်ကာလမှာပင် အရပ်သားပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ဆုံးရှုံးမှုများ ဆက်တိုင်းဖြစ်လာနေသည်ဟု PPST ပြောရေးဆိုခွင့်ရှိသူ ရဲဘော်မျိုးဝင်းကပြောသည်။

 

“ဒါကလုံးဝမဖြစ်သင့်တဲ့ကိစ္စဖြစ်တယ်။ အဲဒီအပေါ်မှာ အခြေခံပြီးဖြစ်လာမယ့် နောက်ဆက်တွဲနိုင်ငံရေးပြဿနာ၊ စစ်ရေးပြဿနာ ဒီထက်မကကြီးထွားလာမှာကို ကျွန်တော်တို့စိုးရိမ်မှုရှိတယ်။ ဒါမျိုးတွေကို သင်ခန်းစာယူပြီးတော့မှ ဆက်မဖြစ်ဖို့အတွက်ကို ကျွန်တော်တို့အနေနဲ့ နဂိုကတည်းကတောင်းခဲ့တယ်။ တစ်လျှောက်လုံးလည်းတောင်းဆိုခဲ့တာပေါ့။ ဒါပေမယ့်မဖြစ်လာခဲ့ဘူး”ဟု ရဲဘော်မျိုးဝင်းက ပြောသည်။

 

စစ်ကောင်စီနေဖြင့် ထိုကိစ္စရပ်အတွက် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ထိထိရောက်ရောက်အရေးဆောင်ရွက်ခြင်းမရှိလျှင် ဆင့်ကဲနောက်ဆက်တွဲကိစ္စရပ်များ ဖြစ်လာနိုင်ကြောင်း ၎င်းကဆိုသည်။

 

မြန်မာနိုင်ငံရေးမတည်ငြိမ်မှုနှင့် ယနေ့လူထုရင်ဆိုင်နေရသော အထွေထွေအကျပ်အတည်းကြီးသည် တိုင်းပြည်ပျက်စီးရေးလမ်းကြောင်းပေါ်သို့ရောက်ရှိနေပြီး ဒေသအတွင်းတည်ငြိမ်မှုကိုပါ ခြိမ်းခြောက်လာနေကြောင်း PPST က ထုတ်ပြန်ထားသည်။

 

PPST အနေဖြင့် ပြည်တွင်း၊ပြည်ပ သက်ဆိုင်ရာအစုအဖွဲ့ (Stakeholdres)များနှင့်တွေ့ဆုံကာ လက်ရှိနိုင်ငံရေး အကျပ်အတည်းကိုဖြေရှင်းရန်နှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာသဘောထားများကိုစုစည်းနိုင်ရန်အတွက် PPST ဆွေးနွေးညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းထားကြောင်းဆိုသည်။

 

“အခုဆိုရင်လည်း ကျွန်တော်တို့နိုင်ငံရေးပါတီတွေနဲ့စတင်ပြီး တွေ့ဆုံနိုင်ဖို့အတွက် ပြင်ဆင်ဆောင်ရွက်နေပြီပေါ့။ အဓိကတော့ လက်ရှိတိုင်းပြည်နိုင်ငံရေးအကျပ်အတည်းကို ဘယ်လိုဖြေရှင်းမှာလဲဆိုတဲ့အခြေအနေကို ဆွေးနွေးမှုစနေပြီပေါ့”ဟု PPST ပြောရေးဆိုခွင့်ရှိသူ ရဲဘော်မျိုးဝင်းကပြောသည်။

 

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)တွင် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၁၀)ခုပါဝင်သည့် NCA–SEAO မှ ဖွဲ့စည်းထားခြင်းဖြစ်သည်။

 

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)ကို ၂၀၁၅ ခုနှစ်တွင် အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ဖွဲ့စည်းထားခြင်းဖြစ်သည်။

 

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် (NCA) လက်မှတ်ရေးထိုးသည်မှာ ၆ နှစ်ပြည်ခဲ့ပြီဖြစ်သော်လည်း တိုင်းရင်းသားများမျှော်မှန်ထားသည့်ရလာဒ်များ မရရှိခဲ့ကြောင်း NCA ထိုးထားသောလက်နက်ကိုင်(၁၀)ဖွဲ့က ထုတ်ပြန်ခဲ့သည်။

Most read this week

ဓါတ်ပုံ - ကျောက်တော်မြို့တွင်းတစ်နေရာ (ပုံဟောင်း)
August 14, 2026
ရခိုင်ပြည်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်အချို့တွင် ယခု နောက်ပိုင်း...
ဓာတ်ပုံ - ဩဂုတ်လ ၁၀ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးရွာ ဗုံးကြဲခံရသည့် မြင်ကွင်း/Photo Credit - CJ
August 13, 2026
စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နှင့် ချင်းပြည်၊...
August 13, 2026
စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဒေသခံများ...
AA Info Desk (အမ်းမြို့နယ်၊ တလိုင်းတောင်ကျေးရွာ လေကြောင်းမှ ဗုံးကြဲခံရသည့် မြင်ကွင်း)
August 11, 2026
ရခိုင်ရိုးမပေါ်တွင် တစ်ခုတည်း ကျန်ရှိတော့သည့် နတ်ရေကန် ဗျူဟာကုန်းစခန်းအနီး တိုက်ပွဲများတွင်...