အမ်းမြို့နယ်တွင် ကုန်တင်ယာဉ်တစ်စီးတိမ်းမှောက် အမျိုးသားနှစ်ဦးသေဆုံး

အမ်းမြို့နယ်တွင် ကုန်တင်ယာဉ်တစ်စီးတိမ်းမှောက် အမျိုးသားနှစ်ဦးသေဆုံး

 ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် တောင်စောက်ကျေးရွာအနီးတွင် နိုဝင်ဘာလ ၅ ရက် နံနက်အစောပိုင်းက ကုန်တင်ယာဉ်တစ်စီး တိမ်းမှောက်မှုကြောင့် အမျိုးသားနှစ်ဦး သေဆုံးခဲ့သည်။

 

အဆိုပါကုန်တင်ယာဉ်မှာ မင်းဘူးမြို့မှ စစ်တွေမြို့သို့ မောင်းနှင်လာစဉ် မိုင်တိုင်အမှတ် (၇၂) ခန့်အရောက်တွင် မော်တော်ယာဉ်တစ်စီးက ကျော်တက်မောင်းနှင်သဖြင့် ကုန်တင်ယာဉ်မောင်းက အပြိုင်အဆိုင်မောင်းနှင်ခဲ့ရာမှ ယာဉ်တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်ဟု သွားရောက်ကူညီခဲ့သည့် စွမ်းပရဟိတလူငယ်များအသင်း ဥက္ကဋ္ဌ ကိုဇော်ဝင်းထွန်းက ပြောသည်။

 

"ကုန်တင်ကားကို ကားလေးတစ်စီးက ဟိုဘက်တောင်ကြောမှာ ကျော်တက်လိုက်တယ်။ ကုန်တင်ကားမောင်းသူက သူ့ကားကိုကျော်တက်သွားလို့ အဲ့ဒီကားလေးကိုမှီအောင် ပြန်လိုက်မောင်းတယ်။ အဲဒီမှာ အရှိန်မထိန်းနိုင်ဖြစ်ပြီး ကားမှောက်တယ်။ ကားမှောက်တဲ့နေရာက ‘ဂ’ကွေ့နေရာဖြစ်တယ်”ဟု ကိုဇော်ဝင်းထွန်းကဆိုသည်။

 

ထိုသို့တိမ်းမှောက်ခဲ့သည့်ကုန်တင်ယာဉ်မှာ ပေ ၂၀၀ ခန့်ရှိအမြင့်ပေါ်မှ ပြုတ်ကျခဲ့သောကြောင့် ယာဉ်ပေါ်ပါလာသည့် အမျိုးသားနှစ်ဦးမှာ သေဆုံးသွားခဲ့သည်။

 

တိမ်းမှောက်ခဲ့သည့် ယာဉ်ပေါ်မှကုန်ပစ္စည်းများမှာ လမ်းပေါ်ပြန့်ကျဲခဲ့သောကြောင့် မင်းဘူး-အမ်းကားလမ်းမှာ ယနေ့နံနက်ပိုင်းက အချိန်သုံးနာရီကျော်ကြာ ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပွားခဲ့သည်။

 

"ရခိုင်ရိုးမက မြန်မာနိုင်ငံရဲ့အခြားတောင်ပေါ်လမ်းတွေနဲ့ ယှဉ်လိုက်ရင် အန္တရာယ်အများဆုံးအခြေအနေမှာရှိနေတယ်။ အကွေ့အကောက်တွေကလည်းများတယ်။ ဒီတော့ ဒီလမ်းလောက်ကတော့ ငါပိုင်ပါတယ်ကွာဆိုပြီး ပေါ့ပေါ့ဆဆနဲ့တော့ မမောင်းစေချင်ဘူး"ဟု အမ်းမြို့နယ် ဒေသခံတစ်ဦးကပြောသည်။

 

ယခုကုန်တင်ယာဉ်တိမ်းမှောက်သည့်နေရာမှာ အလွန်အန္တရာယ်များသည့်နေရာဖြစ်ကြောင်း၊ ပြီးခဲ့သည့်သုံးနှစ်ခန့်က ဆီဘောက်ဆာယာဉ်တစ်စီးထိုးကျခဲ့ပြီး လွန်ခဲ့သည့်ဆယ်နှစ်ခန့်ကလည်း ဓာတ်ငွေ့ပိုက်လိုင်းတင်လာသည့်ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ကြောင်း အဆိုပါဒေသခံကပြောသည်။

 

ရခိုင်ရိုးမကိုဖြတ်သန်းရသည့် မင်းဘူး-စစ်တွေကားလမ်းမှာ လမ်းမကောင်းသည့်အပြင် မိုးရာသီကာလတွင် တောင်ကျရေကြောင့် မြေပြိုကျမှုများရှိကြောင်း၊ ယာဉ်မောင်းအချို့ကလည်း ယာဉ်မဆင်မခြင်မောင်းနှင်မှုကြောင့် ယာဉ်တိုက်မှု၊ ယာဉ်တိမ်းမှောက်မှုများရှိကြောင်း သိရသည်။

 

Photo Crd- စွမ်းပရဟိတလူငယ်များအသင်း

Most read this week

ဓါတ်ပုံ - ကျောက်တော်မြို့တွင်းတစ်နေရာ (ပုံဟောင်း)
August 14, 2026
ရခိုင်ပြည်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်အချို့တွင် ယခု နောက်ပိုင်း...
ဓာတ်ပုံ - ဩဂုတ်လ ၁၀ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးရွာ ဗုံးကြဲခံရသည့် မြင်ကွင်း/Photo Credit - CJ
August 13, 2026
စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နှင့် ချင်းပြည်၊...
August 13, 2026
စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဒေသခံများ...
AA Info Desk (အမ်းမြို့နယ်၊ တလိုင်းတောင်ကျေးရွာ လေကြောင်းမှ ဗုံးကြဲခံရသည့် မြင်ကွင်း)
August 11, 2026
ရခိုင်ရိုးမပေါ်တွင် တစ်ခုတည်း ကျန်ရှိတော့သည့် နတ်ရေကန် ဗျူဟာကုန်းစခန်းအနီး တိုက်ပွဲများတွင်...