စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းမှ နှစ်ပတ်အတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၆ သန်းအထိ ကုန်သွယ်နိုင်ခဲ့

စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းမှ နှစ်ပတ်အတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၆ သန်းအထိ ကုန်သွယ်နိုင်ခဲ့
Photo - RSCCI
Photo - RSCCI

ရခိုင်ပြည်နယ်၊ စစ်တွေနယ်စပ်ကုန်သွယ်ရေးစန်းမှ နှစ်ပတ်တာကာလအတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၆ သန်းအထိ ကုန်သွယ်နိုင်ခဲ့ကြောင်း ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ သိရသည်။

 

စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းမှ ယခုထက် ပိုမိုကုန်သွယ်နိုင်ရန်မျှော်မှန်းခဲ့သော်လည်း ကိုဗစ်စည်းမျဉ်းကမ်းချက်များနှင့်အညီလုပ်ဆောင်ရသည့်အတွက် ယခုဝင်ငွေလောက်သာ ကုန်သွယ်နိုင်ခဲ့ကြောင်း ရခိုင်ပြည်နယ်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်အောင်ဦးက ပြောသည်။

 

“နှစ်ပတ်လောက်အတွင်းမှာ ဒီထက်ပိုကုန်သွယ်နိုင်ရမယ်လို့ မျှော်မှန်းချက်ရှိခဲ့တယ်။ ဒါပေမယ့် ပြန်လည်ဖွင့်ဖွင့်ချင်း တစ်ဖက်နိုင်ငံမှာလည်း စျေးကွက်ပိတ်သွားတာ သုံးလလောက်ကြာသွားတာတဲ့အတွက် စျေးကွက်ပြန်လည်ရရှိဖို့အတွက် လုပ်ရတဲ့အခါ နည်းနည်းကြန့်ကြာမှုရှိသွားတယ်ပေါ့”ဟု ဦးတင်အောင်ဦးက ပြောသည်။

 

ကိုဗစ်ကြောင့် ယာယီပိတ်ထားခဲ့ရသည့် စစ်တွေနယ်စပ်ကုန်သွယ်ရေးကို အောက်တိုဘာလ ၁၆ ရက်နေ့တွင် တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်သွယ်မှုစတင်ခဲ့ပြီး နိုဝင်ဘာလ ၃ ရက်နေ့အထိ နှစ်ပတ်တာအတွင်း ကုန်သွယ်မှုတန်ဖိုး ၁,၃၅၆,၇၆၁ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၆ သန်း ကုန်သွယ်နိုင်ခဲ့ခြင်းဖြစ်သည်။

 

ယင်းထဲမှာ ပို့ကုန် (၃၀၉၃ ဒသမ ၅)တန် ၁,၃၅၃,၂၆၁ ဒေါ်လာနှင့် သွင်းကုန် (၁၀)တန် ၃၅၀၀ ဒေါ်လာတန်ဖိုး ကုန်သွယ်မှုပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

 

စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ကုန်ပစ္စည်းအမျိုးအစားအများစုမှာ ရေချိုငါး၊ ငါးခြောက်၊ ကြက်သွန်နီ၊ ဂျင်းစိမ်း၊ ဇီးယိုမျိုးစုံ၊ မကျည်းသီး၊ မကျည်းစေ့ စသည်တို့ဖြစ်သည်။

 

စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းမှ ယခုထက်ပိုမို၍ ကုန်သွယ်နိုင်ရန်အတွက် ကုန်သည်လုပ်ငန်းရှင်များအနေဖြင့် လုပ်ဆောင်နေကြောင်းဆိုသည်။

 

“ကုန်သွယ်မှုတောက်လျောက်သွားနိုင်အောင် ကူညီဆောင်ရွက်ရမယ့်အပိုင်းတွေရှိတယ်။ ဥပဒေအားဖြင့်ပြောရရင် ရန်ကုန်ကထွက်လာတဲ့ငါးလှေတွေ စစ်တွေနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းနဲ့လိုင်စင်ယူပြီးတော့ တစ်ဖက်နိုင်ငံကိုပို့လို့ရအောင် ငါးလုပ်ငန်းဦးစီးဌာနက သတ်မှတ်ထားတဲ့စည်းကမ်းချက်တွေနဲ့အညီ လုပ်လို့ရအောင်လည်း ကျွန်တော်တို့အသင်းက လုပ်ဆောင်နေတယ်။ ဒီဟာတွေကိုလုပ်နိုင်မှ ကုန်သွယ်မှုပမာဏကလည်း တက်လာမယ်”ဟု ဦးတင်အောင်ဦးကပြောသည်။

 

ရခိုင်တွင် ကိုဗစ်တတိယလှိုင်း ဝင်ရောက်လာမှုကြောင့် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းနှင့် စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းတို့ကို ဇူလိုင်လ ၁၅ ရက်နေ့မှစ၍ ပြည်နယ်စစ်ကောင်စီ၏ ညွှန်ကြားချက်ဖြင့် ပိတ်ထားခဲ့သည်။

 

နယ်စပ်ကုန်သွယ်ရေးစခန်းများ ယာယီရပ်နားထားသည်မှာ သုံးလခန့်ကြာပြီးနောက် အောက်တိုဘာလ ၁၃ ရက်နေ့က ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့သည်။

 

လက်ရှိတွင် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှလည်း ကုန်သွယ်မှုများလုပ်ဆောင်လျက်ရှိပြီး အဆိုစခန်းမှာ ငါးမြစ်ချင်း၊ ဇီးယို၊ ကွမ်းသီး၊ ငါးခြောက်၊ အထည်လိပ်၊ မာမိခေါက်ဆွဲ၊ အလှကုန်ပစ္စည်းများနှင့် ကော်ဖီမစ်တို့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့လျက်ရှိနေသည်။

 

မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းသည် အမေရိကန်ဒေါ်လာတစ်ခုတည်းဖြင့်သာ ကုန်သွယ်ခွင့်ပြုထားသော နယ်စပ်ကုန်သွယ်စခန်းဖြစ်သည်။ တစ်နေ့လျှင် ဒေါ်လာတစ်သန်းအထိ ကုန်သွယ်မှုပြုနိုင်သော ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်ကြောင်းလည်း သိရသည်။

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...