ဒေသအသီးသီးတွင် အင်တာနက်နှင့် ဒစ်ဂျစ်တယ် ဖိနှိပ်ခံနေရဟု MIP ပြော

ဒေသအသီးသီးတွင် အင်တာနက်နှင့် ဒစ်ဂျစ်တယ် ဖိနှိပ်ခံနေရဟု MIP ပြော
DMG (မိုခါမုန်တိုင်းအပြီး ဆက်သွယ်ရေး ပြတ်တောက်သွားသဖြင့် တောင်ပေါ်တက်၍ ဖုန်းလိုင်း ရှာဖွေနေစဉ် - ပုံဟောင်း)
DMG (မိုခါမုန်တိုင်းအပြီး ဆက်သွယ်ရေး ပြတ်တောက်သွားသဖြင့် တောင်ပေါ်တက်၍ ဖုန်းလိုင်း ရှာဖွေနေစဉ် - ပုံဟောင်း)

မြန်မာနိုင်ငံတစ်ဝန်းရှိ စစ်အုပ်စုတပ် ထိန်းချုပ်ရာဒေသများ၊ တော်လှန်ရေးအင်အားစု ထိန်းချုပ်နယ်မြေများနှင့် တိုင်းရင်းသားလက်နက်ကိုင် ထိန်းချုပ်နယ်မြေများတွင် ပြီးခဲ့သည့် မေလမှ ဇူလိုင်လအထိ ၃ လတာအတွင်း ဒစ်ဂျစ်တယ် ဖိနှိပ်မှုများ ရှိခဲ့ကြောင်း မြန်မာအင်တာနက်ပရောဂျက် (MIP) ၏ အစီရင်ခံစာတွင် ဖော်ပြထား သည်။

အဆိုပါ ၃ လတာကာလအတွင်း ရခိုင်၊ စစ်ကိုင်းနှင့် စစ်အုပ်စုတပ် ထိန်းချုပ်ရာဒေသများတွင် အင်တာနက် ဖြတ်တောက်ခံရမှု၊ အွန်လိုင်းမှ ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရခြင်း၊ ပြည်သူအပေါ် စောင့်ကြည့် ခြေရာခံနိုင်ရေး ပြုလုပ်မှုများနှင့် သတင်းမီဒီယာများအား ခြိမ်းခြောက်မှုများ ပါဝင်သည်။

ထိုကာလအတွင်း စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေးအင်အားစု ထိန်းချုပ်ထားသည့် အင်းတော်၊ ကနီ၊ ဒီပဲယင်း၊ ရေဦးနှင့် တန့်ဆည် စသည့်မြို့နယ်များတွင် လေကြောင်းစိုးရိမ်မှုနှင့် စစ်ဆင်ရေးဆင်နွှဲမှုများကြောင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့က စတားလင့် (Starlink) အင်တာနက် အသုံးပြုခွင့်ကို အချိန်အကန့်အသတ်ဖြင့် ယာယီရပ်ဆိုင်းမှုများ ရှိခဲ့သည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နှင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တို့တွင်လည်း ဖုန်းနှင့် အင်တာ နက်လိုင်း ပြတ်တောက်နှေးကွေးမှုများ ဖြစ်ပေါ်ခဲ့ပြီး ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင်လည်း စစ်အုပ်စု၏ ဖြတ်တောက်မှုကြောင့် ဝိုင်ဖိုင် (Wi-Fi) အင်တာနက်လိုင်း ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့သည်။

အလားတူ အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ဒေသနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထိန်းချုပ်ဒေသ များတွင် ဇွန်လအတွင်း စတားလင့်အင်တာနက် အသုံးပြုမှုအပေါ် အခွန်ကောက်ခံခြင်းများ ပြုလုပ်လာခဲ့သည်။

ထို့ပြင် ရခိုင်ဒေသအတွင်းရှိ အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေများနှင့် စစ်အုပ်စုတပ် ထိန်းချုပ်ဒေသများ တွင် အင်တာနက်လိုင်း ပြတ်တောက်မှုများနှင့်အတူ လူငယ်များ အလုပ်လက်မဲ့များလာနေပြီး ပညာရေးဆိုင်ရာ နှင့် အလုပ်အကိုင် အခွင့်အလမ်းရရှိမှု နည်းပါးလာကြောင်း ဖော်ပြထားသည်။

အင်တာနက် ဖြတ်တောက်ခံရသည့်အပြင် ရခိုင်ဒေသအတွင်းရှိ ဒစ်ဂျစ်တယ်ငွေကြေးစနစ် ဝန်ဆောင်မှု ပြုလုပ် ပေးနေသော အကောင့်များ ထပ်မံပိတ်သိမ်းခံရမှုကြောင့် ငွေထုတ်ခ နှုန်းထားများလည်း မြင့်တက်သွားခဲ့သည်။

ရခိုင်ဒေသခံ အမျိုးသားတစ်ဦးက “တချို့မြို့နယ်တွေမှာ စတားလင့်စက်တွေ ပိတ်သိမ်းခံရတာရယ်၊ ပြီးတော့ အများသုံးအင်တာနက် ဝန်ဆောင်မှုတွေ နည်းတဲ့အတွက် အဆင်မပြေကြတာများတယ်။ အင်တာနက်မရရင် သတင်းအချက်အလက်ရဖို့ဆိုတာ မဖြစ်နိုင်လို့ ဘယ်နေရာဘာတွေဖြစ်နေလဲ၊ ကိုယ့်ဒေသထဲ ဘာဖြစ်နေလဲ မသိ ရတာက ပိုဆိုးတယ်။ လူငယ်တွေဆိုလည်း အခွင့်အလမ်းက နည်းတယ်။ ကိုယ့်ဒေသတွင်းမှာ ရှိတဲ့ဟာတောင် လိုင်းမရလို့ လက်လှမ်းမမှီလိုက်တာမျိုးက အများကြီးပဲ” ဟု ပြောသည်။

ထိုကဲ့သို့ ဖြတ်တောက်ဖိနှိပ်မှုများကြောင့် ပြည်သူများမှာ သဘာဝဘေး၊ အကြမ်းဖက်မှုနှင့် စစ်ရေးဆိုင်ရာ သတင်းအချက်အလက် လက်လှမ်းမီမှု ကင်းကွာလာကြောင်း MIP က ထောက်ပြထားသည်။ အင်တာနက်လိုင်း ဖြတ်တောက်ခံရမှုနှင့်အတူ ဒေသခံများအနေဖြင့် လေကြောင်းအန္တရာယ် သတိပေးချက်များ မရရှိနိုင်သည့် အခက်အခဲများပါ ကြုံတွေ့ခဲ့ရသည်။

စစ်ကိုင်းတိုင်းအတွင်း နေထိုင်သူ အမျိုးသမီးတစ်ဦးက “လေကြောင်းသတိပေးစနစ် လုပ်ထားလည်း အင်တာ နက်ရမှ ကြည့်လို့ရတဲ့ဟာမျိုးကို အားကိုးနေရတော့ သတိပေးချက်မရရင် ဘယ်လိုမှ ကြိုတင်ပုန်းခိုနိုင်ဖို့ မဖြစ် နိုင်တဲ့အတွက် အင်တာနက်ပြတ်ပြီဆိုရင်တော့ ပုံမှန်ထက် ပိုခက်ခဲတဲ့ အခြေအနေပေါ့။ တချို့နေရာတွေမှာ စစ် ကြောင်းလာရင် ပက်ပင်းမတိုးစေဖို့အတွက် အချင်းချင်းသတိပေး၊ အန္တရာယ်ရှိတဲ့အခြေအနေကို တစ်ယောက် နဲ့တစ်ယောက် အင်တာနက်နဲ့ပဲ မျှဝေရတော့ ဒီအင်တာနက်လိုင်းပြတ်တောက်သွားပြီ၊ လိုင်းနှေးသွားပြီဆိုတာနဲ့ ပိုပြီးတော့ စိုးရိမ်စရာဖြစ်တာပေါ့” ဟု ပြောသည်။

ထို့ပြင် သတင်းဌာနအချို့အား ပိတ်သိမ်းမှုများကို စစ်အုပ်စုက အဆိုပါ ကာလအတွင်း ပြုလုပ်ခဲ့သကဲ့သို့ တရုတ် နိုင်ငံနှင့် စစ်အစိုးရ ထိန်းချုပ်မီဒီယာများအကြား ပူးပေါင်းဆောင်ရွက်မှုများလည်း ပိုမိုကျယ်ပြန့်လာခဲ့သည်။

စစ်အုပ်စုဘက်မှလည်း အွန်လိုင်းပေါ် ရေးသားပြောဆို ဝေဖန်မှုများနှင့် ပတ်သက်၍ စောင့်ကြည့် ဖမ်းဆီးအရေး ယူမှုများ ပြုလုပ်နေပြီး ၃ နှစ်တာကာလအတွင်း ပြည်သူ ၂,၀၀၀ ကျော်ကို ဖမ်းဆီးအရေးယူခဲ့ကြောင်း စစ်အုပ်စု ဘက်မှ ထုတ်ပြန်ပြောဆိုထားသည်။

လက်ရှိ ရွေးတုအစိုးရ ဦးမင်းအောင်လှိုင်၏ အစိုးရသက်တမ်း ၂ လတာကာလအတွင်း စစ်အုပ်စု ထိန်းချုပ်ရာ ဒေသများရှိ စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးဖမ်းဆီးမှု၊ ဧည့်စာရင်းစစ် ဖမ်းဆီးမှုများကြောင့် ပြည်သူ ၇၄၆ ဦး ဖမ်းဆီးခံခဲ့ရကြောင်း စစ်အုပ်စု၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

Most read this week

ဓါတ်ပုံ - ကျောက်တော်မြို့တွင်းတစ်နေရာ (ပုံဟောင်း)
August 14, 2026
ရခိုင်ပြည်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်အချို့တွင် ယခု နောက်ပိုင်း...
ဓာတ်ပုံ - ဩဂုတ်လ ၁၀ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးရွာ ဗုံးကြဲခံရသည့် မြင်ကွင်း/Photo Credit - CJ
August 13, 2026
စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နှင့် ချင်းပြည်၊...
August 13, 2026
စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဒေသခံများ...
AA Info Desk (အမ်းမြို့နယ်၊ တလိုင်းတောင်ကျေးရွာ လေကြောင်းမှ ဗုံးကြဲခံရသည့် မြင်ကွင်း)
August 11, 2026
ရခိုင်ရိုးမပေါ်တွင် တစ်ခုတည်း ကျန်ရှိတော့သည့် နတ်ရေကန် ဗျူဟာကုန်းစခန်းအနီး တိုက်ပွဲများတွင်...