ရခိုင်တွင် စားအုန်းဆီဈေးထိန်းချုပ်နိုင်ရန် စားအုန်းဆီပိဿာ ၄ သောင်းကျော် ဝယ်ယူထားဟုဆို

ရခိုင်တွင် စားအုန်းဆီဈေးထိန်းချုပ်နိုင်ရန် စားအုန်းဆီပိဿာ ၄ သောင်းကျော် ဝယ်ယူထားဟုဆို

ရခိုင်ပြည်နယ်တွင် စားအုန်းဆီဈေးမြင့်တက်လာမှုကို ထိန်းချုပ်နိုင်ရန်အတွက် ပြည်နယ်စစ်ကောင်စီ၏အစီစဉ်ဖြင့် စားအုန်းဆီ ၄၀,၄၉၁ ပိဿာကို ဝယ်ယူထားကြောင်း ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်အောင်ဦးက DMG သို့ ပြောသည်။

 

အဆိုပါစားအုန်းဆီများကို မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းမှ ပြည်နယ်စစ်ကောင်စီ၏ ချိတ်ဆက်မှုဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ဆီတစ်ပိဿာလျှင် ၃၅၅၀ ကျပ်ဖြင့် ဝယ်ယူခွင့်ရရှိခဲ့ကြောင်း ၎င်းကဆိုသည်။

 

“ပြည်နယ်အစိုးရအဖွဲ့ကနေပြီး ဆီတွေကို သက်သာတဲ့ဈေးနဲ့ ဝယ်ခွင့်ရမယ် ဝယ်မလားဆိုပြီး ကျွန်တော်တို့ဆီကို အကြောင်းကြားလာတယ်။ ဒီတော့ ကျွန်တော်တို့က ဆီဝယ်ချင်တဲ့ကုန်သည်တွေကို စာရင်းကောက်ပြီး အခုလိုဝယ်ဖြစ်တာပါ။ အဓိကတော့ စားဆီဈေးနှုန်းမြင့်တက်မှုတွေကို ထိန်းချုပ်ပေးနိုင်ဖို့အတွက်ပါ”ဟု ဦးတင်အောင်ဦးကရှင်းပြသည်။

 

အဆိုပါ စားအုန်းဆီများဝယ်ယူနိုင်ရေးအတွက် ကျသင့်ငွေကို လွှဲပေးပြီးဖြစ်ကြောင်း၊ လာမည့်ရက်သတတ္တတစ်ပတ်တွင် ရခိုင်ပြည်သို့ ဆီများရောက်လာနိုင်ကြောင်း သိရသည်။

 

“ဝယ်လို့ရတဲ့ဆီတွေကို သယ်ယူခကုန်ကျစရိတ်ဖယ်ပြီး အမြတ်ငွေ ၂ ရာခိုင်နှုန်းထက် ပိုမရောင်းဖို့ သဘောတူထားကြတယ်။ အခုဝယ်တဲ့သူတွေက တစ်ပြည်နယ်လုံးက ကုန်သည်တွေပါတော့ သူတို့မြို့ကိုသယ်ယူရမယ့် စရိတ်တွေရှိတယ်။ ဒါကြောင့် တစ်မြို့နဲ့တစ်မြို့ ရောင်းဈေးတော့မတူနိုင်ဘူး။ အမြတ်ကို ၂ ရာခိုင်နှုန်းထက် ပိုမတင်ဖို့အတွက်ကိုလည်း စားသုံးသူရေးရာဦးစီးဌာနက ကြပ်မတ်သွားဖို့ရှိတယ်လို့လည်းသိရပါတယ်”ဟု ဦးတင်အောင်ဦးက ပြောသည်။

 

ဆီများရောက်ရှိလာချိန်တွင် သယ်ယူခနှင့် အမြတ်ငွေ ၂ ရာခိုင်နှုန်းကိုတွက်ချက်ပြီး ဆီတစ်ပိဿာလျှင် ငွေကျပ် ၄၀၀၀ ဝန်းကျင်ခန့်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း စစ်တွေမြို့မှ စားသုံးဆီလုပ်ငန်းလုပ်ကိုင်သူ ဦးလှမောင်သိန်းကဆိုသည်။

 

လက်ရှိတွင် ရရှိမည့်ဆီပမာဏမှာ လိုအပ်နေသည့် ဝယ်လိုအားပမာဏထက် နည်းနေသဖြင့် ယခုထက်ပိုသည့်ဆီပမာဏများ ရရှိနိုင်မှသာ စားအုန်းဆီဈေးလျှော့ကျလာနိုင်မည်ဖြစ်ကြောင်း ဆီလုပ်ငန်း လုပ်ကိုင်နေသူများက ဆိုသည်။

 

“ရခိုင်မှာဆိုရင် စားအုန်းဆီကဈေးသက်သာတော့ စားအုန်းဆီကို စားကြတာများတယ်။ အရင်ကတော့ ဆီဈေးတွေကဒီလောက်ထိမရှိဘူး။ စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက်မှာမှ ဆီတစ်ပိဿာကို ၂၀၀၀ ကျော်ကနေတက်လာလိုက်တာ အခုဆို ငါးထောင်ကျော်တယ်”ဟု အမည်မဖော်လိုသည့် ဆီလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

 

မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း အခြေခံစားသောက်ကုန်ဈေးနှုန်းမှာ နှစ်ဆနီးပါးမြင့်တက်လာသောကြောင့် အခြေခံလူတန်းစာများမှာ အခက်အခဲဖြစ်နေကြရပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သီတင်းကျွတ်အထိမ်းအမှတ် မိန့်ခွန်းထဲမှာ ကျန်းမာရေးအတွက်တင်မဟုတ်ဘဲ ပြည်ပကနေ စားသုံးဆီဝယ်ယူနေရတဲ့ နိုင်ငံခြားငွေလျှော့ချနိုင်ဖို့ ပြည်သူတွေကို ဆီစားသုံးမှု လျှော့ချဖို့ တိုက်တွန်းခဲ့သည်။

Most read this week

DMG (မိုခါမုန်တိုင်းအပြီး ဆက်သွယ်ရေး ပြတ်တောက်သွားသဖြင့် တောင်ပေါ်တက်၍ ဖုန်းလိုင်း ရှာဖွေနေစဉ် - ပုံဟောင်း)
August 15, 2026
မြန်မာနိုင်ငံတစ်ဝန်းရှိ စစ်အုပ်စုတပ် ထိန်းချုပ်ရာဒေသများ၊ တော်လှန်ရေးအင်အားစု...
ဓါတ်ပုံ - ကျောက်တော်မြို့တွင်းတစ်နေရာ (ပုံဟောင်း)
August 14, 2026
ရခိုင်ပြည်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်အချို့တွင် ယခု နောက်ပိုင်း...
ဓာတ်ပုံ - ဩဂုတ်လ ၁၀ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးရွာ ဗုံးကြဲခံရသည့် မြင်ကွင်း/Photo Credit - CJ
August 13, 2026
စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နှင့် ချင်းပြည်၊...
August 13, 2026
စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဒေသခံများ...