စစ်တပ်ထောက်ခံပွဲများကို ရခိုင်က မြို့နယ်အချို့တွင်ပြုလုပ်လာသည့်အပေါ် ဝေဖန်မှုများရှိနေ

စစ်တပ်ထောက်ခံပွဲများကို ရခိုင်က မြို့နယ်အချို့တွင်ပြုလုပ်လာသည့်အပေါ် ဝေဖန်မှုများရှိနေ

ရခိုင်ပြည်နယ်က မြို့နယ်အချို့တွင် စစ်တပ်ထောက်ခံပွဲပြုလုပ်လာသည့်အပေါ် ရခိုင်နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ဒေသခံများမှ ဝေဖန်ကြသည်။

 

တည်ငြိမ်အေးချမ်းနေသည့် ရခိုင်ဒေသတွင် စစ်တပ်ထောက်ခံပွဲ ပြုလုပ်ခြင်းကို ဆင်ခြင်သင့်ကြောင်း ရခိုင်အမျိုးသားပါတီ(ANP) အထွေထွေအတွင်းရေးမှူး ဦးခိုင်ပြည်စိုးကပြောသည်။

 

“ဒီမှာငြိမ်းချမ်းနေတာကို ထပ်ပြီးမငြိမ်းချမ်းရအောင် လုပ်နေသလိုမျိုးဖြစ်သွားရင် ဘယ်ဘက်မှမကောင်းဘူးလေ။ ဒါကြောင့် ဒီလိုလုပ်ရပ်မျိုးကို ဆင်ခြင်သင့်တယ်။ ပြီးတော့ ဒါကပြည်သူတွေပါတာမျိုးလည်းမဟုတ်ဘူး။ တပ်မတော်မိသားစုတွေနဲ့ အချို့ရဲမိသားစုတွေပါချင်ပါမယ်။ စစ်မှုထမ်းဟောင်းတွေလည်း ပါချင်ပါမယ်။ ဘယ်သူတွေပဲပါပါစေ ဒီလိုမျိုးထိလွယ်ရှလွယ်ဖြစ်နေတာကြောင့် ဒါတွေကိုရှောင်ရှားသင့်ပါတယ်”ဟု ၎င်းကပြောသည်။

 

ယနေ့(နိုဝင်ဘာလ ၁ ရက်နေ့)တွင် စစ်တွေမြို့၌ စစ်တပ်သားသမီးများနှင့် စစ်မှုထမ်းဟောင်းများမှစုပေါင်းကာ စစ်တပ်ထောက်ခံပွဲကို ပြုလုပ်ခဲ့ကြသည်။

 

စစ်တပ်ထောက်ခံပွဲများပြုလုပ်နေခြင်းအပေါ် ရခိုင်လူငယ်မျိုးဆက်သစ်အဖွဲ့မှ ကိုသန်းလှက “အခုလုပ်နေတဲ့ ထောက်ခံပွဲတွေက ရခိုင်မှာရှိကြတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ၊ အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေက လုပ်နေကြတာမဟုတ်ဘူးလေ။ သူတို့မှာက အာဆီယံကလည်းဖယ်ကျဉ်ထားတာကိုခံရတယ်။ နောက်ပြီး အခြားလူတွေကလည်း မထောက်ခံကြတော့ဘူးဆိုတော့ သူတို့က ငါတို့ကိုြ မန်မာနိုင်ငံကလူမျိုးအချို့က ထောက်ခံနေတယ်ဆိုပြီး ပေါ်ပင်လုပ်တာမျိုးပါ”ဟု ပြောသည်။

 

ယခုကဲ့သို့ စစ်တပ်ထောက်ခံပွဲများ ပြုလုပ်ခြင်းကြောင့် တိုင်းပြည်နှင့်လူမျိုးအတွက် အကျိုးမရှိကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD) ပြောရေးဆိုခွင့်ရှိသူ ဦးလှမြင့်ကဆိုသည်။

 

“အခုလိုမျိုးလုပ်ရပ်တွေကို ဘယ်လောက်ပဲလုပ်လုပ် ဒီလိုမျိုးလုပ်နေတာတွေက ပြည်ထောင်စုကြီးအတွက်ကောင်းကျိုးထက် ဆိုးကျိုးတွေဘက်ကိုပဲ ဦးတည်နေတယ်”ဟု ၎င်းကပြောသည်။

 

ရခိုင်ပြည်နယ်အတွင်းက သံတွဲ၊ ကျောက်ဖြူ၊ တောင်ကုတ်၊ မောင်တော၊ အမ်း၊ ရသေ့တောင်နှင့် စစ်တွေမြို့တို့တွင် စစ်တပ်ထောက်ခံပွဲများကို စစ်တပ်မိသားစုများ၊ စစ်မှုထမ်းဟောင်းများမှ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

 

ရခိုင်က မြို့နယ်အချို့တွင် စစ်တပ်ထောက်ခံပွဲများပြုလုပ်နေခြင်းကြောင့် တိုင်းရင်းသားမျိုးနွယ်စုများအကြား အထင်အမြင်လွှဲမှားမှုများ ဖြစ်ပွားလာစေနိုင်ကြောင်း ရခိုင်လူငယ်မျိုးဆက်သစ်အဖွဲ့မှ ကိုသန်းလှကဆိုသည်။

 

“လူတိုင်းကတော့ အမြင်ကိုယ်စီရှိကြတာပါပဲ။ ဒါပေမယ့် ရခိုင်ကလူတွေကတော့ ဒီထောက်ခံပွဲတွေကို အဖက်တောင်မလုပ်ကြဘူး။ အခြားတိုင်းရင်းသားတွေအနေနဲ့လည်း ဒါတွေကိုသတိပြုမိဖို့လိုပါတယ်။ သူတို့က ရခိုင်ကို စစ်ကောင်စီနဲ့ပေါင်းတယ်ဆိုတာမျိုး မြင်အောင်လုပ်နေကြတာကို သေချာမြင်တက်ဖို့လိုတယ်”ဟု ကိုသန်းလှကပြောသည်။

 

လက်ရှိ ရခိုင်ပြည်နယ်တွင်ပြုလုပ်နေသော စစ်တပ်ထောက်ခံပွဲများမှာ အဆိုပါမြို့နယ်များကို ကိုယ်စားပြုမှုမရှိကြောင်း ဒေသခံများက ပြောဆိုသည်။

 

အမ်းမြို့နယ်မှ လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုမျိုးလွင်က “ထောက်ခံပွဲက အသက်မပါဘူး။ ပြည်သူတွေလည်းမပါကြဘူး။ ဒီထောက်ခံပွဲတွေဟာ နိုင်ငံရေးသရုပ်ပြဘဲဖြစ်တယ်။ တပ်တွင်းကလူကို တပ်ထောက်ခံတာမဆန်းဘူး”ဟု ဆိုသည်။

Most read this week

DMG (မိုခါမုန်တိုင်းအပြီး ဆက်သွယ်ရေး ပြတ်တောက်သွားသဖြင့် တောင်ပေါ်တက်၍ ဖုန်းလိုင်း ရှာဖွေနေစဉ် - ပုံဟောင်း)
August 15, 2026
မြန်မာနိုင်ငံတစ်ဝန်းရှိ စစ်အုပ်စုတပ် ထိန်းချုပ်ရာဒေသများ၊ တော်လှန်ရေးအင်အားစု...
ဓါတ်ပုံ - ကျောက်တော်မြို့တွင်းတစ်နေရာ (ပုံဟောင်း)
August 14, 2026
ရခိုင်ပြည်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်အချို့တွင် ယခု နောက်ပိုင်း...
ဓာတ်ပုံ - ဩဂုတ်လ ၁၀ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးရွာ ဗုံးကြဲခံရသည့် မြင်ကွင်း/Photo Credit - CJ
August 13, 2026
စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နှင့် ချင်းပြည်၊...
August 13, 2026
စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဒေသခံများ...