ကျောက်ဆိပ်ကျေးရွာသား ၅ ဦးအမှုတွင် တရားလိုမှ ၇ လကြာသည်အထိ တရားရုံးသို့လာရောက်ခြင်းမရှိ

ကျောက်ဆိပ်ကျေးရွာသား ၅ ဦးအမှုတွင် တရားလိုမှ ၇ လကြာသည်အထိ တရားရုံးသို့လာရောက်ခြင်းမရှိ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာသား ၅ ဦးကိုစွဲဆိုထားသည့်အမှုတွင် တရားလိုကိုစစ်ဆေးရန်အတွက် ခေါ်ယူထားသော်လည်း ၇ လခန့်ကြာသည်အထိ တရားရုံးသို့ လာရောက်ခြင်းမရှိသဖြင့် အမှုမှာကြန့်ကြာနေရကြောင်း သိရသည်။

 

ကိုညီညီအောင်အပါအဝင် ကျောက်ဆိပ်ကျေးရွာသား ၅ ဦးကို စွဲဆိုထားသည့်အမှုတွင် တရားလိုပြသက်သေ ၉ ဦးအနက် ၈ ဦးကို စစ်ဆေးပြီးဖြစ်ကာ နောက်ဆုံးသက်သေဖြစ်သူ တရားလိုတစ်ဦးသာ စစ်ဆေးရန်ကျန်ရှိတော့သည်။

 

တရားလိုဖြစ်သည့် ပုဏ္ဏားကျွန်းမြို့အခြေစိုက် ၅၅၀ တပ်ရင်းက ဗိုလ်ကြီးတင့်နိုင်ထွန်းမှာ ရခိုင်ပြည်နယ်မှ ပြောင်းရွှေ့သွားပြီဖြစ်ပြီး စစ်တွေခရိုင်တရားရုံးသို့လာရောက်နိုင်ခြင်းမရှိသဖြင့် ကော်မရှင်နာနှင့်စစ်ဆေးရန် ပြီးခဲ့သည့်ဧပြီလအတွင်းမှစ၍ တင်ပြထားကြောင်း ရှေ့နေထံမှသိရသည်။

 

ယင်းသို့ ကော်မရှင်နာဖြင့်စစ်ဆေးရန်တင်ပြထားသော်လည်း အကြောင်းပြန်ခြင်းမရှိသဖြင့် အမှုကိုဆက်လက်မစစ်ဆေးနိုင်သေးဘဲ ယနေ့(နိုဝင်ဘာလ ၁ ရက်နေ့)တွင်လည်း ရုံးချိန်းထပ်မံရွှေ့ဆိုင်းလိုက်သည်။

 

ကျောက်ဆိပ်ကျေးရွာသားများအမှုမှ တရားလိုဖြစ်သူမှာ ရှေ့တန်းကိုရောက်နေသည့်အတွက် သက်ဆိုင်ရာတရားရုံးသို့ မလာရောက်နိုင်ဘဲရှိနေကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွှန့်မောင်က ပြောသည်။

 

“ဒီကပို့ထားတဲ့စစ်ဆေးချက်တွေကို အဲဒီဘက်ကိုပို့ထားတယ်။ အဲဒီမှာ သက်ဆိုင်ရာခရိုင်တရားရုံးမှ စစ်ဆေးပြီးမှ အဲဒီစစ်ချက်တွေက စစ်တွေခရိုင်တရားရုံးကိုရောက်မှ အမှုကဆက်သွားလို့ရမှာ။ ကျွန်တော်တို့ ဆက်သွယ်ကြည့်တဲ့အခါ စစ်ဆေးခံမယ့် ဗိုလ်ကြီးက ရှေ့တန်းရောက်နေတယ်သိရတယ်။ သက်ဆိုင်ရာတရားရုံးကတော့ ခေါ်ထားတယ်လို့သိရတယ်”ဟု ဦးကျော်ညွှန့်မောင်က ပြောသည်။

 

ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ကျောက်ဆိပ်ကျေးရွာသားများမှာ ကိုညီညီအောင်(၂၄)နှစ်၊ ကိုအောင်မျိုးလင်း(၂၄)နှစ်၊ ကိုမောင်ချေ(၂၄)နှစ်၊ ပုဏ္ဏားကျွန်းမြို့ပေါ်မှ ကိုမင်းစိုး(၃၈)နှစ်နှင့် မြောက်ဦးမြို့နယ်၊ ဇီးပင်ကြီးကျေးရွာမှ ကိုကျော်ဝင်းဟိန်း(၂၂)နှစ်တို့ ဖြစ်ကြသည်။

 

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလ ၁၉ ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာသား (၃၈)ဦးကို တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် (၃၃)ဦးကိုပြန်လွှတ်ပေးခဲ့ကာ ကျန်(၅)ဦးကို ဆက်လက်ချုပ်နှောင်ထားခဲ့ခြင်းဖြစ်သည်။

 

၎င်းတို့ ၅ ဦးကိုဖမ်းဆီးချုပ်နှောင်ထားစဉ်ကာလအတွင်း တပ်မတော်သားများမှ ရေယာဉ်ပေါ်တွင် ထိုးကြိတ်၊ ကန်ကျောက်နှိပ်စက်ခြင်းကို ခံခဲ့ကြရသည်။

 

အဆိုပါကျောက်ဆိပ်ကျေးရွာသား ၅ ဦးမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(ည)၊ ၅၂(က)တို့ဖြင့် တရားရင်ဆိုင်နေရသည်မှာ လက်ရှိတွင် ၂ နှစ်ခန့်ကြာမြင့်နေပြီဖြစ်သည်။

 

“အမှုကိုဆက်လက်စစ်ဆေးဖို့အတွက် လာမယ့်နိုဝင်ဘာလ ၈ ရက်နေ့ကို ပြန်ရုံးချိန်းလိုက်တယ်။ အမှုကကြာလည်းကြာနေပြီ။ စွပ်စွဲခံရသူတွေ အရမ်းနစ်နာနေပြီ”ဟု အမှုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွှန့်မောင်က ပြောသည်။

 

ရက္ခိုင့်တပ်တော်(ULA/AA)ကို အကြမ်းဖက်အုပ်စုအဖြစ်မှ ရုပ်သိမ်းပြီးနောက် ရခိုင်ကအကြမ်းဖက်မှုဖြင့် စွဲဆိုထားသည့်အမှုများကို စစ်ကောင်စီကရုပ်သိမ်းပေးမှုများရှိလာသော်လည်း လက္ကာကျေးရွာနှင့် ကျောက်ဆိပ်ကျေးရွာသားများကဲ့သို့ ထင်ရှားသော အမှုများနှင့်ပတ်သက်၍ တစ်စုံတစ်ရာထူးခြားလာခြင်း မရှိခဲ့ပေ။

 

ထိုသို့ဖမ်းဆီးခံရသူများအား နှစ်ရှည်ကြာဖမ်းဆီးချုပ်နှောင်ထားခြင်းသည် ကာယကံရှင်များအပြင် ၄င်းတို့၏မိသားစုဝင်များ၏ လူ့အခွင့်အရေးကိုချိုးဖောက်ရာရောက်ကြောင်း ရခိုင်လူ့အခွင့်အရေးလှုပ်ရှားနေသည့် အသိုင်းအဝိုင်းများက ထောက်ပြပြောဆိုနေကြသည်။

Most read this week

DMG (မိုခါမုန်တိုင်းအပြီး ဆက်သွယ်ရေး ပြတ်တောက်သွားသဖြင့် တောင်ပေါ်တက်၍ ဖုန်းလိုင်း ရှာဖွေနေစဉ် - ပုံဟောင်း)
August 15, 2026
မြန်မာနိုင်ငံတစ်ဝန်းရှိ စစ်အုပ်စုတပ် ထိန်းချုပ်ရာဒေသများ၊ တော်လှန်ရေးအင်အားစု...
ဓါတ်ပုံ - ကျောက်တော်မြို့တွင်းတစ်နေရာ (ပုံဟောင်း)
August 14, 2026
ရခိုင်ပြည်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်အချို့တွင် ယခု နောက်ပိုင်း...
ဓာတ်ပုံ - ဩဂုတ်လ ၁၀ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးရွာ ဗုံးကြဲခံရသည့် မြင်ကွင်း/Photo Credit - CJ
August 13, 2026
စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နှင့် ချင်းပြည်၊...
August 13, 2026
စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဒေသခံများ...